
တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြိတ်-ထားဝယ် ကားလမ်းပိုင်း ပြန်လည်ဖွင့်လိုက်ပြီးနောက် ရေလမ်းခရီးစဥ် ပြေးဆွဲနေတဲ့ စပိဘုတ်အမြန်ယာဥ်တွေမှာ လက်မှတ်ဈေးနှုန်းတွေ ပြန်လည်လျှော့ချပြီး ရောင်းချပေးနေတယ်လို့ စပိဘုတ် ပြေးဆွဲသူတွေဆီက သိရပါတယ်။
ကားလမ်းမဖွင့်ခင်က မြိတ်-ထားဝယ် ခရီးစဥ်မှာ လူတယောက်ကို ကျပ် ၂၅၀,၀၀၀ စျေးနှုန်းရှိကာ နိုဝင်ဘာ ၂၉ ရက်ကစပြီး လူတယောက်ကို ကျပ် ၂၀၀,၀၀၀ နှုန်းနဲ့သာ ပြောင်းလဲ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ကားလမ်းပြန်ဖွင့်ချိန် ရေလမ်းခရီးသွားသူ နည်းပါးပေမဲ့ ကားလမ်းကနေ သွားလာမရဲတဲ့သူတွေ အတွက် ဆက်လက်ပြေးဆွဲနေတယ်လို့ စပိဘုတ် ပြေးဆွဲနေသူတယောက်က ပြောပါတယ်။
“လမ်းပိတ်ရင် မြတ်နေပါတယ်။ လမ်းဖွင့်ရင် ရှုံးတာ များပါတယ်။ ဘယ်လိုဖြစ်ဖြစ် ခရီးသွားတွေ ယုံကြည်မှု၊ ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေး လုပ်နေတာပါ။ ကားလမ်းဖွင့်လည်း ကားလမ်းမှာ သွားလာမရဲတဲ့ ခရီးသွားတွေအတွက် စီစဉ်ထားတာပါ။ စပိဘုတ်က အမြဲတမ်းရှိနေမှာပါ။”
မြိတ်-ထားဝယ်လမ်းပိုင်းမှာ နိုဝင်ဘာ ၈ ရက်ကစလို့ ကားလမ်းတွေကို ဖြတ်သန်းခွင့် ပိတ်လိုက်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်မှာ ကားလမ်း ပြန်လည်ဖြတ်သန်းခွင့်ပေးခဲ့တာ ဖြစ်တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ကားလမ်းဖြတ်သန်းခွင့် ပိတ်ထားချိန် အရေးအကြောင်း သွားလာတဲ့သူတွေဟာ ရေလမ်းကို အသုံးပြုလာကြတဲ့အတွက် စပိဘုတ် အမြန်ယာဥ်ငယ်တွေကနေ လက်မှတ်စျေး ၂၅၀,၀၀၀ နဲ့ ရောင်းချတာဖြစ်တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
“ဈေးကွက်အရ ကြည့်မယ်ဆိုရင် ကားလမ်းအခြေအနေကိုကြည့်ပြီး ရေလမ်းခရီးကို စီစဥ်ပေးပြီးတော့ သူတို့ ရိုက်စားတာပေါ့။ ကားက ခရီးသည် မပါရင်တောင် ကုန်ပစ္စည်း ပို့လို့ရတယ်။ စပိဘုတ်က လူပြည့်မှ ထွက်တယ်။ ကားဆီဈေးနဲ့ စပိဘုတ်ဆီဈေးက ကွာတာကြောင့်လည်း ဖြစ်မယ် ထင်တယ်။”
မြိတ်-ထားဝယ် ခရီးစဥ်မှာ ကားလက်မှတ်က ၅၀,၀၀၀ အထိသာရှိပြီး ရေလမ်းခရီးစဥ် လက်မှတ်က ၄ ဆနီးပါး ရှိနေတာကြောင့် ဈေးနှုန်းပမာဏ ကွာခြားလွန်းပြီး ရေလမ်းခရီးကသွားလို့ ဈေးမတတ်နိုင်တဲ့ ခရီးသွားပြည်သူတွေကတော့ ကားလမ်းပြန်ဖွင့်ချိန်ကို စောင့်နေကြတာ ဖြစ်တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။


