
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးရှိ ဝင်းဝရဲစခန်းတိုက်ပွဲကြောင့် ခရီးသွားကားလမ်း ပိတ်လိုက်ပြီးနောက်မှာ မြိတ်ကနေ ထားဝယ်ဘက်ကို စပိဘုတ်နဲ့ ပြေးဆွဲနေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဧပြီလ ၁၈ရက်နေ့၊ မနက် ၆ နာရီလောက်မှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝရဲစခန်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်ကား၊ ကုန်ကားတွေ အများအပြား ပိတ်မိခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
မြိတ်ကနေ ထားဝယ် ရေလမ်းခရီးစဥ်ကို စပိဘုတ်ယာဥ်နဲ့ လူတဦးကို ကျပ် ၃၀၀,၀၀၀ နှုန်းနဲ့ ဧပြီလ ၂၀ရက်က စတင်ကာ နေ့စဥ်ပြေးဆွဲနေတာလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတယောက်က “မြိတ်ကသွားမယ့် သူက အရမ်းပါးတယ်။ ထားဝယ်က ဆင်းမယ့်သူက များတယ်။ ခရီးစဥ်က မြိတ်-ထားဝယ် တရက် တခေါက်သာ ပို့ပေးတာပါ။ ခရီးစဥ်လဲ ဝေးတော့ လူရော အင်ဂျင်ပါ အနားပေးချင်လို့ပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနစ် အောက်တိုဘာလတုန်းကလည်း မြိတ်-ပုလော ကားလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက မြိတ်ကနေ ပုလောဘက်ကို စပိဘုတ်နဲ့ ပြေးဆွဲခဲ့တယ်လို့ သိရပါသေးတယ်။
ကိုလွမ်းဝေ


