ထိုင်ဝမ်ကျွန်းရဲ့ တိုင်ပေဆိပ်ကမ်းကို ဇွန် ၉ ရက်မှာ စပိဘုတ်နဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်ရေတပ် ကပ္ပတိန်ဟောင်းတဦးကို ထိုင်ဝမ်က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်ဝမ် သမုဒ္ဒရာရေးရာကောင်စီ အကြီးအကဲ ကွမ်ဘီလင်က ပြောပါတယ်။
“သူဟာ သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖြေကြားမှာ မဟုတ်ပေမဲ့ စုံစမ်းဖို့က ထိုင်ဝမ်ရဲ့ကိစ္စဖြစ်ပြီး အတိတ်က ဖြစ်ရပ်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေက အမှန်တရားကို ထုတ်ပြနိုင်မှာမဟုတ်ဘူး။”
ဒါပေမဲ့လည်း ကာလကြာရှည် စုပြီးဖြစ်ပွားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒါက အစမ်းသဘောပဲလို့ ဆုံးဖြတ်ချက် မချနိုင်ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေက အမှုပေါင်း ၁၈ မှုကို စီရင်ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေမှာတော့ ထိုင်ဝမ်မှာ လွတ်လွတ်လပ်လပ် ဘဝသစ် စချင်လို့ဆိုတဲ့ စကားလုံးတွေကို သုံးစွဲကြတာတော့ တူနေကြောင်း၊ ဒါပေမဲ့ ဒီတခေါက် ဖမ်းမိသူရဲ့ နောက်ခံဘက်ဂရောင်းကတော့ ကွဲပြားနေတယ်လို့ ကွမ်ဘီလင်က ပြောပါတယ်။
ထိုင်ဝမ်အကြီးတန်းအရာရှိတွေကတော့ တရုတ်ရေတပ် ကပ္ပတိန်ဟောင်းဟာ ကျွန်းရဲ့ ကာကွယ်ရေး အခြေအနေကို စုံစမ်းတာဖြစ်နိုင်ကြောင်း ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ကျွန်းအပေါ် တရုတ်ရဲ့ “မီးခိုးရောင်ဇုန်” နည်းဗျူဟာရဲ့ နမူနာတခု ဖြစ်နိုင်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက ပြောပါတယ်။
မီးခိုးရောင်ဇုန် ဆိုတဲ့ ဝေါဟာရဟာ စစ်ပွဲ တရားဝင် မကြေညာပေမဲ့ တခြားတနိုင်ငံကို အန္တရာယ်ဖြစ်စေတဲ့ တရားမဝင်လုပ်ရပ်လို့ ဆိုလိုပါတယ်။
ခုဖြစ်ရပ်မှာလည်း မီးခိုးရောင်ဇုန် နည်းပရိယာယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ပယ်ဖျောက်လို့ မရကြောင်းနဲ့ ဒီလို မီးခိုးရောင်ဇုန် တိုက်ခိုက်မှုတွေကိုလည်း အချိန်အတော်ကြာ တွေ့ကြုံခဲ့ရဖူးတာကြောင့် ဖြစ်နိုင်ခြေမှန်သမျှကို လုံးဝ ပယ်ချမှာမဟုတ်ပဲ အသေအချာ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီးတော့ သက်ဆိုင်ရာ တန်ပြန်အရေးယူမှုတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပွင့်ပွင့်လင်းလင်း တိုက်ပွဲကြေညာတာမျိုး မလုပ်ဆောင်ဘဲ ထိုင်ဝမ်ကျွန်းပေါ်ကို ရေပေါ်စောင့်ကြည့်ရေး မီးပုံးပျံတွေ လွှတ်တင်ထားခြင်းလိုမျိုး မမှန်ကန်တဲ့ နည်းပရိယာယ်တွေသုံးပြီး လုပ်ဆောင်တဲ့ မီးခိုးရောင်ဇုန်လို့ ခေါ်တဲ့ စစ်ပွဲပုံစံကို အသုံးပြုနေကြောင်း ထိုင်ဝမ်က လတ်တလောနှစ်တွေမှာ ပြောကြားထားတာပါ။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ် သဘောထားနေတာဖြစ်ပြီး ဒါကိုလည်း တိုင်ပေက အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
Source-Reuters