အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အန်န် ဘီရန်ဆင်းရဲ့ လုံခြုံရေးအဖွဲ့ကို တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဇွန် ၁၀ ရက်မှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီအချိန်က ပြည်နယ်ခေါင်းဆောင်ဟာ သူတို့နဲ့လိုက်ပါခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အန်န် ဘီရန်ဆင်းဟာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ပြည်နယ်ရဲ့ ဂျီရီဘမ်ဒေသကို ဇွန် ၁၁ ရက်မှာ သွားရောက်ဖို့ စီစဉ်ထားတာပါ။
“ဝန်ကြီးချုပ်ကို တိုက်ရိုက် တိုက်ခိုက်တယ်ဆိုတာဟာ နိုင်ငံတော်က ပြည်သူလူထုကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်ပြီး လုံးဝကို ရှုတ်ချစရာပါပဲ” လို့ ဝန်ကြီးချုပ် အန်န် ဘီရန်ဆင်းက ပြောပါတယ်။
ပြည်နယ်အစိုးရက တခုခုလုပ်ရမှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီးရင် ဆုံးဖြတ်ချက် ချသွားမယ်လို့လည်း ဆိုပါတယ်။
တနင်္လာနေ့မှာ တိုက်ခိုက်ခံရတဲ့ လုံခြုံရေးအဖွဲ့ဟာ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ ယာဉ်တန်းအတွင်းရှိ မော်တော်ယာဉ်တစီးကို ပစ်ခတ်ခဲ့ကြတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မဏိပူရ်ပြည်နယ်ရဲ့ ဂျီရီဘမ်နယ်မြေမှာ အသက် ၅၉ နှစ်အရွယ် မေးတီ ဌာနေတိုင်းရင်းသား အမျိုးသားတဦး သေဆုံးခဲ့အပြီး သူ့ရဲ့အလောင်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး ဒေသတွင်းရှိ နေအိမ်တွေ၊ ရဲကင်းစခန်း ၂ ခုနဲ့ သစ်တောဌာနရုံးတရုံးတို့ကို အမည်မသိလူဆိုးတွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source-Reuters