တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စာနာစောင့်ရှောက်ပေးဖို့နဲ့ မြန်မာပြည်ပြန်မပို့ဖို့ ကိုရီးယားတရားရေးဌာနထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
တောင်ကိုရီးယားအစိုးရ၊ တရားရေးဌာနထံ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက လူကိုယ်တိုင်သွားရောက် တောင်းဆိုစာပေးပို့ခဲ့တာဖြစ်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ပြန်မပို့ဖို့နဲ့ ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
တရားရေးဌာနကို တောင်းဆိုထားတဲ့စာမှာ မိခင်နိုင်ငံဆီ ပြန်မရနိုင်သေးတဲ့ မြန်မာနိုင်ငံသားတွေ၊ အဖမ်းဆီးခံနေရသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ စောင့်ရှောက်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကိုလည်း ဖော်ပြထားပါတယ်။
မြန်မာကိုယ်စားလှယ်ရုံးအနေနဲ့ နိုင်ငံခြားရေးဌာန၊ တရားရေးဌာနတွေဆီ မြန်မာနိုင်ငံသားတွေရဲ့ အရေးအတွက် အစဉ်မပြတ် ပြောကြားတောင်းဆိုပေးနေတယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား အရေအတွက် အယောက် ၇၀၀၀၀ ကျော် ရောက်ရှိနေတယ်လို့ ခန့်မှန်းရပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာလည်း ရှိပါတယ်။
အဲဒီလို လှုပ်ရှားမူတွေမှာ ပါဝင်သူတွေကို စစ်ကောင်စီသံရုံးက စောင့်ကြည့်နေကာ အမည်ပျက်စာရင်းသွင်းတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း မြန်မာ့အရေးလူပ်ရှားသူတဦးက ပြောပါတယ်။