လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေမှာ မြန်မာ့အရေးကို အမေရိကန်အစိုးရနဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု ပိုရလာအောင် ပြုလုပ်ကြဖို့ အမေရိကန်ရောက် မြန်မာတွေကို ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်ပါတယ်။
ဒေသစံတော်ချိန် ဇွန် ၈ ရက်က အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအတွက် အမေရိကန်ရောက် မြန်မာတွေက ပြည်နယ်အလိုက် ရန်ပုံငွေ ရှာဖွေတာ၊ ထောက်ပို့တာတွေ ပြုလုပ်နေတာထက် ပိုကောင်းတဲ့ စည်းလုံးမှုရအောင် ပြည်နယ်တခုနဲ့တခု ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေမှာ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာတွေက သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို မြန်မာ့အရေး ဆွေးနွေးတာ၊ အသိပေးတာ၊ သတင်းအချက်အလက် မျှဝေတာတွေ ပြုလုပ်ခြင်းအားဖြင့် ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာ့အရေးကို အမေရိကန်နိုင်ငံသားတွေ စိတ်ဝင်စားမှု ပိုရနိုင်ပြီး ရွေးကောက်ပွဲအလွန်ကာလ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားချိန်မှာလည်း မြန်မာ့အရေးကို ပိုပြီး ဦးစားပေး ဆွေးနွေးတာမျိုး ဖြစ်လာနိုင်တာပါ။
လတ်တလောမှာတော့ ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတာ၊ လွှတ်တော်တွေအတွင်း မြန်မာ့အရေးကို မမေ့မလျော့ ဆွေးနွေးတာတွေ ပြုလုပ်ဖို့ တွန်းအားပေး ဆောင်ရွက်နေကြပေမဲ့ မြန်မာ့အရေးအတွက် မျှော်လင့်ထားသလောက် အကူအညီတွေ မရနိုင် ဖြစ်နေခဲ့ပါတယ်။
အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါ ဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက် ပါဝင်တဲ့ ဘတ်ဂျက် အတည်ပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က ဒေသစံတော်ချိန် မတ် ၂၁ ရက်က လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။
အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှု ဥပဒေကို ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်မှာ သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပေမဲ့ အစိုးရ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဘတ်ဂျက်ငွေတွေကို အချိန်နဲ့တပြေးညီ ချမပေးနိုင်ခဲ့ဘဲ မူလခန့်မှန်းချိန်ထက် ၆ လ နောက်ကျပြီးမှ ငွေကြေးသုံးစွဲခွင့် ကျခဲ့တာ ဖြစ်ပါတယ်။
Photo-DVB