Home
ရုပ်သံ
ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA သိမ်းပိုက်
DVB
·
June 11, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ကန်ပိုင်တီ-ချီဖွေ လမ်းခွဲ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းနဲ့ ဘွမ်တောင်ပြည်သူ့စစ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေက  ဇွန် ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ရရှိထားတယ်လို့  KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

လက်ရှိမှာ ဝိုင်းမော်-ဆဒုံးကြားက ၁၃ မိုင် စုပေါင်းဂိတ်စခန်းနဲ့ မိုင် ၂၀ နားက ဘွမ့်တောင်စခန်း ၂ နေရာကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KIA ဘက်ကအတည်ပြုပါတယ်။
KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ လောလောဆယ်ကတော့ ၂ နေရာကိုသိမ်းလို့ရပါတယ်။ နောက်တခုက ဝိုင်းဘက်ကနေ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာစစ်ကူသွားတဲ့ စကစ တပ်ဖွဲ့တွေကို အဲဒီ ဝိုင်းမော်နဲ့ ဝူယန်ကြားမှာ လမ်းမှာပေါ့၊ လမ်းခုလတ်မှာ ကြားဖြတ်ပြီးတိုက်ပွဲဖြစ်တယ်ဆိုတာလည်း ကြားပါတယ်။ ဒါပေမဲ့ အဲဒီမြေပြင်သတင်းကတော့ မကြားရသေးပါဘူး။ ကန်ပိုက်တီလမ်းဘက်ကို သွားတဲ့လမ်းပေါ့နော်။ အဲတာကို ထိန်းတဲ့သိမ်းတဲ့သဘောတော့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလားတူ ဝိုင်းမော်မြို့နယ်ထဲကပဲ ဒိန်ဂါတပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းတိုက် ပွဲတွေနဲ့ပတ်သက် လို့ကတော့ မြေပြင်သတင်းရတာမရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

ဝိုင်းမော်-ကန်ပိုင်တီ ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ဝိုင်းမော်မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်တွေက ဇွန် ၁၀ ရက်က စတင်ပြီး ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီမနက် အစောပိုင်းမှာလည်း ဝိုင်းမော်မြို့အဝင်နဲ့ပတ်ဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်မှု တွေရှိနေပြီး မြစ်ကြီးနားမြို့က တိုင်းတပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ အပါအဝင် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့  ဝိုင်းမော်မြို့ခံက ပြောပါတယ်။

“မနေ့က မနက်ပိုင်းကနေ စပြီး ပစ်နေကြပြီ။ ခါးရှီရွာ ပတ်ဝန်းကျင်ဘက် ဒီ ဗန်းမော်လမ်းဘက်ကလာတဲ့ လမ်းကော၊ ဝူယန်ဘက် ဆဒုံ၊ ကန်ပိုင်တီသွားတဲ့ လမ်းဘက်ကော ပစ်တာတွေကြားရတယ်။ မနေ့ညပိုင်းဆိုရင် ခတ်ချို့ လမ်းခွဲ ပတ်ဝန်းကျင်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။”

လက်ရှိ ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေ အပါအဝင် ဆဒုံဗျူဟာ တပ်စခန်းနဲ့ အနီးပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို  KIA က တိုက်ခိုက်နေသလို ဝိုင်းမော် ခလရ ၅၈ တပ်စခန်းကိုလည်း လက်နက်ကြီး ပစ်ခတ်နေပါတယ်။

တိုက်ပွဲတွေကြောင့် ဝိုင်းမော်-ဆဒုံလမ်းပေါ်က ဝူယန်၊ ဝါးရှောင်ကျေးရွာတွေက ပြည်သူတွေလည်း  တိမ်းရှောင်နေကြရတယ်လို့ ဝါးရှောင်ကျေးရွာသားတဦးက ပြောပါတယ်။

ကျေးရွာက ပြည်သူတွေဟာ နီးစပ်ရာ မြို့ပေါ်နဲ့ တောတောင်တွေမှာ တိမ်းရှောင်နေကြပြီး ကျန်းမာရေး၊ နေရာထိုင်ခင်း အခက်အခဲတွေ ဖြစ်နေတယ်လို့ ဝါးရှောင်ကျေးရွာသားတဦးက ပြောပါတယ်။

“တချို့ကတော့ ဝိုင်းမော်တို့ မြစ်ကြီးနားတို့ဘက် ရှောင်ကြတာရှိတယ်။ တောင်ယာတွေ လုံခြုံမယ်လို့ထင်တဲ့ တောတောင်တွေမှာ ရှောင်နေကြတာတွေရှိတယ်။ အဓိကက ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုတွေပေါ့၊ တောထဲ တောင်ထဲဆိုတော့ နေရာထိုင်ခင်းက အစခက်တာတော့ အမိုးအကာတွေကော ပြီးတော့ နေမကောင်းတာတွေကော ဖြစ်တာတွေရှိတယ်ဆိုတော့ ဆေးဝါးလိုအပ်ချက်တွေရှိတာပေါ့။ ဘယ်လောက်ကြာအောင်နေရမလဲ မသိဘူး။”

ကချင်ပြည်နယ်အတွင်း မိုးမောက်မြို့နယ်က ခမရ ၄၃၇ နဲ့ မံစီမြို့နယ်က ခလရ ၆၀၁ နဲ့  ခလရ ၃၁၉ တပ်စခန်း တိုက်ခိုက်မှုတွေက ရပ်နားနေတာ တပတ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013