တောင်ကိုရီးယားနယ်စပ်ကို မြောက်ကိုရီးယားစစ်သား အယောက် ၂၀ လောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြတ်ကျော်ဝင်ရောက်လာလို့ တောင်ကိုရီးယားစစ်တပ်က သတိပေး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ရကြောင်း ဆိုးလ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ပြုံယမ်းက တောင်ဘက်ကို အမှိုက်ထုပ် မီးပုံပျံတွေ လွှတ်တင်ခဲ့တာကြောင့် လတ်တလောမှာ တင်းမာမှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
ဇွန် ၉ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ လောက်က မြောက်ကိုရီးယား တပ်ဖွဲ့တဖွဲ့ဟာ ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ကနေ စစ်နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်လာတာဖြစ်ပါတယ်။
တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှု လုပ်ပြီးနောက်မှာတော့ မြောက်ကိုရီးယားဘက် ပြန်ဝင်သွားခဲ့ကြောင်း ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ဇွန် ၁၁ ရက်မှာ ပြောပါတယ်။
အဲဒီနယ်မြေဟာ သစ်တောထူထပ်ပြီး နယ်ခြားမှတ်တိုင်တွေနဲ့ လမ်းတွေကို ဖုံးကွယ်နေတာကြောင့် မြောက်ကိုရီးယားစစ်သားတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ မတွေးထားကြောင်းနဲ့ အဲဒီနောက်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ မရှိကြောင်း၊ ကျူးကျော်လာတယ်လို့လည်း မထင်မြင်ကြောင်း JCS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အီဆောင်းဂျွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်က မြောက်ပိုင်းစစ်တပ်ရဲ့ လှုပ်ရှားမှုကို သေချာစောင့်ကြည့်နေပြီး စစ်ဆင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်နေပါတယ် လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယား စစ်သားတွေဟာ အများစုက ပုဆိန်တွေနဲ့ တခြားပစ္စည်းကိရိယာတွေကို ကိုင်ဆောင်ထားကြပြီး သူတို့ကိုကြည့်ရတာ လမ်းပျောက်နေပုံပေါ်တယ်လို့ အမည်မဖော်လိုသူ JCS အရာရှိတဦးကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ထုတ်ပြန်ပါတယ်။
Source-Reuters