တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ်ရှိ အများပြည်သူ ပန်းခြံတခုမှာ ဇွန် ၁၀ ရက်က အမေရိကန်ကျောင်းဆရာ ၄ ဦး ဓားထိုးခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ အမေရိကန် မီဒီယာနဲ့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ ကောနဲလ်ကောလိပ်မှ ဆရာတွေဟာ တရုတ်နိုင်ငံရှိ မိတ်ဖက်တက္ကသိုလ်ဖြစ်တဲ့ ပိုင်ဟွာတက္ကသိုလ်ကို ရောက်ရှိနေချိန်မှာ တိုက်ခိုက်မှုကို ကြုံရတာဖြစ်ကြောင်း ကောလိပ်ပြောရေးဆိုခွင့်ရှိသူ ဂျန် ဗစ်ဆာရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနဟာ တရုတ်နိုင်ငံမှာ ဓားထိုးမှုဖြစ်ပွားတဲ့ သတင်းတွေကို သိရှိခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း ဗစ်ဆာက ပြောပါတယ်။
ဒီဖြစ်ရပ်အပေါ် တရုတ်ရဲတွေက အမေရိကန်ဆရာ ၄ ဦး ဓားထိုးခံရမှုမှာ ကြုံရာကျပန်း ဖြစ်ရပ်တခုလို့ ပဏာမ စီရင်ဆုံးဖြတ်ခဲ့ပြီး လက်ရှိမှာ ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေအားလုံးကို ချက်ချင်းပဲ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အဆင့် စောင့်ရှောက်မှုတွေ ပေးခဲ့ကြောင်းနဲ့ ဘယ်တဦးတယောက်မှ အသက်အန္တရာယ် မရှိတော့ကြောင်းလည်း ဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်-အမေရိကန် ပြည်သူအချင်းချင်း ဆက်ဆံရေးဟာ ၂ နိုင်ငံစလုံးရဲ့ အကျိုးစီးပွားနဲ့အညီ ဖြစ်ပြီးတော့ ၂ နိုင်ငံလုံးရှိ အဆင့်အားလုံးမှ စိတ်အားထက်သန်စွာ ပံ့ပိုးကူညီမှုနဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ပုံမှန်ဖလှယ်မှုကို ထိခိုက်မှာ မဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံရှိ နိုင်ငံခြားသားတွေ ဘေးကင်းစေဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လင်းကျန်းက ပြောပါတယ်။
Source-Reuters