ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့ ကုန်တိုက်တခုမှာ အထောက်အထားမရှိ ဘဲ လုံခြုံရေးအစောင့် ဝန်ထမ်းဝင်လုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦး ဖမ်းဆီးခံရတယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ခရိုင်လဝကရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ နယ်မြေတွင်း တရားမဝင်အလုပ်သမားနှိမ်နင်းရေးနဲ့ ရာဇဝတ်မှုပပျောက်ရေးအတွက် ဇွန် ၁၀ ရက်က ဘန်ဖရီမြို့ ရာချာထေဝ ရပ်ကွက် ဘန်နား- တရတ်လမ်းမကြီးပေါ်ရှိ ကုန်တိုက်ကြီးတစ်ခုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
တာဝန်ရှိသူတွေ ကုန်တိုက်ကားပါကင်ထဲ ဝင်ရောက်စဉ် ကားအဝင်အထွက်တွေကို လမ်းရှင်း နေရာချပေးနေတဲ့ လုံခြုံရေးအစောင့်တွေ တွေ့ရကြောင်း၊ ဒါပေမဲ့ တာဝန်ရှိသူတွေကို တွေ့တော့ အစောင့်တချို့က ထွက်ပြေးသွားလို့ မသင်္ကာတာနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ လုံခြုံရေးအစောင့် ၅ ဦးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အလုပ်သမားမှတ်ပုံတင်လည်း မရှိတာကြောင့် ဖမ်းဆီးလိုက်ကြောင်း၊ သူတို့တွေဟာ အဆိုပါ အလုပ်ကို လူမှုကွန်ရက်လုံခြုံရေးအစောင့် လုပ်သားရှာဖွေရေးကုမ္ပဏီတစ်ခုကနေ လျှောက်ထားခဲ့တာဖြစ်ပြီး လုပ်အားခ တနေ့ကို ဘတ် ၅၅၀ ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၅ ဦးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အလုပ်သမားမှတ်ပုံတင် မရှိဘဲ အလုပ်ဝင်လုပ်မှု၊ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှု စတာတွေနဲ့ အရေးယူသွားမှာဖြစ်သလို သူတို့ကို အလုပ်သွင်းပေးတဲ့ အလုပ်ရှာဖွေရေးကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေးပြီး တရားမဝင် အလုပ်သမား တင်သွင်းမှုနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
Source: Matichon