Home
မြန်မာသတင်း
စားအုန်းဆီ ပြတ်လပ်နေပြီး ဖြန့်ဖြူးမှုပုံစံ ပြောင်းမှုအပေါ် လူထု စိုးရိမ်
DVB
·
June 11, 2024

လတ်တလောမှာ နေရာဒေသအသီးသီး စားအုန်းဆီ ပြတ်လပ်တာတွေ ကြုံတွေ့နေရသလို စားအုန်းဆီ ဖြန့်ဖြူးမှုပုံစံ ပြောင်းလဲသွားတာက ဈေးကွက်မှာ တည်တည်ငြိမ်ငြိမ် ရောင်းချဝယ်ယူနိုင်ပါ့မလားဆိုပြီး လူထုက  စိုးရိမ်နေကြပါတယ်။

စားအုန်းဆီကို ပြည်တွင်း လိုအပ်ချက်ကြောင့် ပြည်ပကနေ နှစ်စဥ်တင်သွင်းနေရပြီး တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ပြန်လည်ဖြန့်ဝေဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ကြီးကြပ်ဆောင်ရွက်နေရာကနေ ဆီတင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေက တိုက်ရိုက်ဖြန့်ဖြူးရောင်းချတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတဦးက “စည်ပင်သာယာဈေးမှာ ရောင်းတယ်ဆိုတာက အရင်တုန်းက စည်ပင်ကနေ သွားတာကိုး။ ဌာနဆိုင်ရာလုပ်ငန်း မဟုတ်တဲ့ အတွက် ဌာနဆိုင်ရာကတော့ မသွားဘူး။ ကုန်ပစ္စည်းဆိုတာ ကုန်သည်လုပ်ငန်းရှင်ဆီကပဲ သွားတာ။ အခုက ဆီကို ကုမ္ပဏီတွေက သူတို့ကနေတဆင့် ဖြန့်ဖြူးတာ ဘာကောင်းလာမလဲဆိုရင်တော့ တိုက်ရိုက်ဖြန့်ဖြူးမှုက ပိုပြီးတော့ အားသာလာမယ့် အနေအထားရှိပါမယ်။ နောက်တခုက ပိုပြီးတော့ ဈေးကွက်စီးပွားရေးဆန်တဲ့ ပုံစံဖြစ်တာပေါ့” လို့ ပြောပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေက တိုက်ရိုက်ဖြန့်ဖြူးလာမယ့် အခြေအနေပေါ် လက်လီပြန်ရောင်းတဲ့ ဆိုင်ငယ်တွေက တည်တည်ငြိမ်ငြိမ် ရောင်းချနိုင်ပါ့မလားဆိုတာ စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့က စားအုန်းဆီ လက်လီရောင်းချသူတဦးက “အခုက ထွေအုပ်လက်ထဲကနေ ကုမ္ပဏီလက်ထဲ ပြန်ရောက်သွားတာ။ ကုမ္ပဏီက သူကြိုက်တဲ့လူကို ပေးမှာ။ အဲဒါကြောင့် ဂယက်က ပိုထသွားတာ။ အရင်တုန်းက အုပ်ချုပ်မှုအောက်က သွားတဲ့အခါကျတော့ တကယ်ရောင်းတဲ့သူတွေ လက်ထဲမှာပေါ့။ အခုကကျတော့ ကုမ္ပဏီက သူနဲ့ပနံသင့်တဲ့လူကို ပေးခွင့်ရှိသွားပြီ။ ကုမ္ပဏီရဲ့အခွင့်အာဏာဖြစ်သွားတာ” လို့ ပြောပါတယ်။

လတ်တလော မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တမြို့နယ်စာ ဖြန့်ဖြူးနေတဲ့ စားအုန်းဆီ ပမာဏက ၉ ရက်အတွင်း ၆၂၁ ပေပါ ရောက်ရှိရမှာ ဖြစ်ပေမဲ့ ၆၉ ပေပါသာ ရောက်ရှိသေးလို့ စားအုန်းဆီ ပြတ်လပ်တာတွေ ဖြစ်နေပါတယ်။

စားအုန်းဆီကိုယ်စားလှယ်တဦးက “ကုမ္ပဏီကနေ တိုက်ရိုက်ပို့တာ။ သူတို့က အရောက်ပို့ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ရုတ်ခြည်းပြောင်းလဲသွားတော့ သူတို့ဘက်က အဆင်သင့် မဖြစ်သေးတော့ ခု လေး ငါးရက်တော့ ဆီပြတ်သွားတာပေါ့။ အခုချိန်ထိတောင် ဆီ ၆၉ လုံးပဲ ရောက်သေးတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဇွန် ၁၀ ရက်ကနေ ၁၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တပိဿာကို ၅,၃၆၅ ကျပ်အဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ အပါအဝင် ဒေသအသီးသီးမှာ ကုန်စျေးနှုန်း မြင့်တက်မှုနဲ့အတူ စားသုံးဆီ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရန်ကုန်မြို့မှာ စားအုန်းဆီတန်းစီဝယ်ယူတဲ့ လူတန်းကြီးကို ပြန်လည်တွေ့မြင်နေရပြီး တန်းစီဝယ်ယူလာသူ အမျိုးသမီးတဦးကတော့ အခုလိုပြောပါတယ်။

“အခု မြင်တဲ့အတိုင်း တန်းစီနေရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်သလောက် မရဘူးလေ။ အဲဒီလို ဖြစ်နေတယ်။ နှစ်ခေါက်လည်း မရဘူး၊ တဆိုင်ကို တခေါက်ပဲ။ စားသုံးသူတွေပဲလေ ပြန်ရောင်းစားတာ မဟုတ်ဘူး၊ ဒါတောင် အိမ်က ၃ ယောက် လာစီတာ၊ အဲဒီလိုပဲ ဝယ်ရတယ်။”

မြန်မာနိုင်ငံမှာ နှစ်စဉ် စားသုံးဆီသုံးစွဲမှု တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် ၃ သိန်းသာ ရှိတဲ့အတွက် နှစ်စဉ် ပြည်ပက တန်ချိန် ၉ သိန်းခန့် တင်သွင်းနေရတယ်လို့ သိရပါတယ်။

မလေးရှား၊ အင်ဒိုနီးရှားတို့ကနေ အများဆုံးတင်သွင်းလျက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံးတင်သွင်းတာပါ။

စစ်ကောင်စီကတော့ ပြည်တွင်း စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းဖို့ မတူညီတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုတွေကြားမှာ နေကြာကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013