ရန်ကုန်၊ အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ ၈ ထပ်တိုက်ရဲ့ ၆ လွှာအမြင့်ကနေ ဇွန် ၁၁ ရက် မနက်ပိုင်းက ကျောင်းသားတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၉ နာရီလောက်မှာ တိုက်ပေါ်ကနေ လမ်းမပေါ်ကို လူတဦး ပြုတ်ကျလာခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ အသက်မရှိတော့ပါဘူး။
လူမှုကူညီရေးအသင်းဝင်တဦးက “သူက အမေရိကားမှာ ကျောင်းတက်ပြီး ပြန်လာတာ၊ လပိုင်းလောက်ပဲ ရှိဦးမယ်။ ဒီတိုက်ခန်းက ဟော(Hall)ခန်း ပုံစံပါ။ ကျနော်တို့ရောက်တော့ အသက်မရှိတော့ပါဘူး” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ အလုံ၊ ဌာနာရပ်ကွက်ကလို့ သိရပြီး အသက် ၂၃ နှစ်အရွယ် ကိုဟိန်းလင်းထက်က စော/တောင်ရပ်ကွက်ရှိ အဆိုပါတိုက်ခန်းမှာ တဦးတည်း လာရောက်နေထိုင်တာ ဖြစ်ပါတယ်။
ရပ်ကွက်နေသူတဦးက “ဝုန်းဆို အသံအကျယ်ကြီး ကြားရတာ။ ကျကျချင်းက တချက်လောက် လှုပ်သေးတယ်။ ခေါင်းပိုင်း သွေးတွေရွှဲနေတယ်။ လူနာတင်ယာဉ်နဲ့ သယ်သွားပြီ” လို့ ပြောပါတယ်။
ကူညီကယ်ဆယ်ရေးကို မြို့ခံကြက်ခြေနီအသင်းနဲ့ သံဝေဂ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရုပ်အလောင်းကို PR 036 အမှတ်နဲ့ ရန်ကုန်ဆေးရုံကြီး၊ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။