Home
မြန်မာသတင်း
ကရင်နီဒေသတွင် တော်လှန်ရေးအင်အားစုများက  ကျောင်းပေါင်း ၄၅၀ နီးပါး ဖွင့်လှစ်
DVB
·
June 11, 2024

ကရင်နီဒေသမှာ အခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေက စာသင်ကျောင်းပေါင်း ၄၅၀ နီးပါးဖွင့်ထားပြီး ကျောင်းသူ ကျောင်းသား ၄၆၀၀၀ ကျော်ကို ပညာသင်ပေးနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကနေ သိရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပေမဲ့ CDM ဆရာ၊ဆရာမတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံကလေးငယ်တွေ ပညာဆက်သင်နိုင်ဖို့ ကြိုးစားလုပ်ကိုင်နေကြပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ ကရင်နီပြည်နယ် တခုလုံးမှာ ဖယ်ခုံမြို့နယ်အပါအဝင် ကျောင်းပေါင်း ၄၄၇ ကျောင်းဖွင့်ပြီး ပညာသင်ပေးနေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ သိရပါတယ်။ 

ကျောင်းသားပေါင်း ၄၆၀၀၀ ကျော်လောက်ကို ဆရာ၊ ဆရာမ ၄၀၀၀ နီးပါးက ပညာသင်ကြား ပေးနေတာလည်း ဖြစ်ပါတယ်။

ကျောင်းတွေအားလုံးက တော်လှန်ရေးအင်အားစုတွေ၊ CDM ဆရာ/ဆရာမတွေ ဖွင့်ထားတဲ့ ကျောင်းတွေဖြစ်ပြီး အုပ်ချုပ်ရေးကောင်စီအနေနဲ့ အသိအမှတ်ပြုတာ၊ ကူညီပံ့ပိုးတာ၊ မူဝါဒချတာ တွေပဲ လုပ်တာဖြစ်တယ်လို့ IEC အတွင်းရေးမှူး(၁) မဇူးပဒုမ္မာက  ပြောပါတယ်။

အခြေခံ၊ အဆင့်မြင့်ပညာရေးနဲ့ သက်မွေးပညာရေးတွေ ပါဝင်မယ့် ကရင်နီကြားကာလ ပညာရေး မူဝါဒလည်း ဒီနှစ်ထဲမှာ ထွက်ပေါ်လာဖို့ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။

ဇူးပဒုမ္မာ “အဆင့်မြင့်မူဝါဒ အခြေခံပညာရေးမူဝါဒ သက်မွေးမူဝါဒတွေ ပေါင်းပြီးထွက်လာမယ့် ကရင်နီကြားကာလပညာရေးမူဝါဒ တစုံကတော့ ထွက်လာဖို့ ရှိမယ်။ ပထမအဆင့်၊ ဒုတိယအဆင့် အနေနဲ့လူထုကို ချပြခဲ့ပြီးပြီ။ ပညာရေးအသိုင်းအဝိုင်းကို ပြောတာပေါ့။ ဒီဟာက ဒီနှစ်မကုန်ခင် ပြီးနိုင်မယ့်အနေအထားရှိတယ်။ မြေပြင်မှာ ဆရာ၊ ဆရာမတွေ မုန့်ဖိုးနဲ့ ဖတ်စာအုပ်တွေ အချိန်မီ ရနိုင်ဖို့ IECအနေနဲ့လုပ်နေတာရှိတယ်” လို့ ပြောပါတယ်။

ကရင်နီက စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်တာတွေလည်း မကြာခဏ ရှိလာပြီး စာသင်ကျောင်းတွေ ပျက်စီးတာအပြင် ကလေးငယ် ဆယ်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

ကရင်နီ စစ်ရှောင်အရေးနဲ့ ပညာရေးတွေမှာ ကူညီနေတဲ့ နွေဦးဂုရုလေးများအဖွဲ့က  ကိုတင့်ဇော်ဟိန်းက “စခန်းတွေ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် အနည်းဆုံးတော့ ဗုံးခိုကျင်းတော့ ရှိစေချင်တယ်။ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တာတွေ လုပ်စေချင်တယ်။ လေယာဉ် လာရင် ဘယ်လို ပြေးကြမလဲ ရှောင်ကြမလဲဆိုတာ စမ်းသပ်လေ့ကျင့်ထားစေချင်တယ်။ ပြီးတော့ ကရင်နီမှာ လူမျိုးစုအလိုက် ပညာရေးစနစ်နဲ့ အားပြိုင်မှုတွေ ရှိတယ်။ စုစုစည်းစည်းနဲ့ အလုပ်လုပ်နိုင်ရင် သဘောတူညီချက်တွေ ရှိရင်တော့ ကလေးတွေအတွက် ပိုပြီး အဆင်ပြေနိုင်မယ်လို့ မြင်တယ်”လို့ ပြောပါတယ်။

ကရင်နီဟာ စစ်ရေးအရ ပြင်းထန်နေတဲ့ဒေသ ဖြစ်ပေမဲ့ ပညာသင်ကြားနေတဲ့ကလေးငယ်တွေ အခွင့်အရေး မဆုံးရှုံးရအောင် မမေ့မလျော့ လုပ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက သိရပါတယ်။

အာဏာသိမ်းကာလ နောက်ပိုင်းမှာ ပြည်နယ်တခုလုံး အနေအထားနဲ့ တိုက်ပွဲတွေဖြစ်လာခဲ့တာ ကြောင့် ကရင်နီမှာ လူဦးရေ ၄ သိန်းကျော်ထဲက ၃ သိန်းနီးပါးဟာ စစ်ရှောင်နေကြရပြီး စစ်ဘေးရှောင်စခန်းတွေမှာ နှစ်နဲ့ချီကာ နေထိုင်နေကြရပါတယ်။ 

မြတ်ကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013