လုံခြုံရေးကြောင့် အမေရိကန်ထုတ် F16s တိုက်လေယာဥ်ထားမယ့် ပြည်ပနေရာကို ယူကရိန်းနိုင်ငံက ရှာနေပါတယ်။
ဥရောပမဟာမိတ်အဖွဲ့က ပေးပို့မယ့် F16s တိုက်လေယာဥ်ကို ယူကရိန်းက လေ့ကျင့်မှု ပြုလုပ်နေစဥ်အတွင်း ပြည်ပနိုင်ငံတွေမှာသာ ထားမှာဖြစ်ကြောင်း ယူကရိန်း လေတပ်အရာရှိတဦးက တနင်္ဂနွေနေ့မှာ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ နော်ဝေနိုင်ငံတို့ဟာ စွယ်စုံသုံးတိုက်လေယာဥ်ကို ပေးဖို့ ကတိပြုထားပြီး ဒီနှစ်ကုန်မှာ ပထမဆုံးတိုက်လေယာဥ် ရရှိမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းပိုင်းလော့တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ တိုက်လေယာဥ် မောင်းနှင်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
တိုက်လေယာဥ်ပေးဖို့ သဘောတူညီမှု ရပြီးနောက် ရုရှားတပ်တွေရဲ့ ဗုံးကြဲဖျက်ဆီးမှု မခံရအောင် F-16 တိုက်လေယာဥ်ထားမယ့်နေရာကို ယူကရိန်းတို့က ရှာဖွေနေတာ ဖြစ်ပါတယ်။
ယူကရိန်းပိုက်လော့တွေဟာ ဒရုန်းနဲ့ ရန်သူတိုက်လေယာဥ်တွေကို ရှာဖွေ တိုက်ခိုက်နိုင်ကြောင်းနဲ့ တိုက်လေယာဥ်အချင်းချင်း တိုက်ခိုက်မှုကိုလည်း စွမ်းဆောင်နိုင်ကြောင်း F-16 နဲ့ဆိုရင် ဝေဟင် မြေပြင် တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း လေတပ်အရာရှိက ချီးကျူးခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာကိဗ်အနီးအထိ ထိုးစစ်ဆင်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့လတွေက ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
ရုရှားနိုင်ငံထဲအထိ တိုက်ခိုက်နိုင်အောင် အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့တွေက F-16s တိုက်လေယာဥ် ပေးပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရုရှားသမ္မတ ပူတင်ကတော့ F-16s တိုက်လေယာဥ်ပေးမှုက တရားဝင်ဖြစ်မယ်ဆိုရင် မိမိတို့အနေနဲ့ နျူးကလီးယားလက်နက်များ အသုံးပြုဖို့ ဆုံးဖြတ်ရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံရဲ့ နောက်ဆုံးမျိုးဆက်တိုက်လေယာဥ်ကို ထိအောင် ပစ်ခတ်နိုင်ခဲ့ကြောင်း ဇွန် ၉ ရက်က ပြောဆိုခဲ့ပါတယ်။
Source-Reuters