Home
ရုပ်သံ
စစ်ကောင်စီတပ် ဒေါနတောင်ကနေ ရှေ့မတိုးနိုင်သဖြင့် လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်
DVB
·
June 11, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က ဒေါနတောင်ကို မထိုးဖောက်နိုင်ဘဲ လက်နက်ကြီးနဲ့ ဒရုန်းကိုသာ အဓိကထား ပစ်ခတ်တိုက်ခိုက်နေတယ်လို့  နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။ 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့  ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီက နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂ လ နီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌ဘဲ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ခံနေရပါတယ်။

ဒါ့အပြင် မိုးကာလရောက်ရှိလာပြီဖြစ်လို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းကိုသာ အားကိုးပြီး ပိုမိုပစ်ခတ်နေတာပါ။

နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဆံရှည်က “အင်အားက မတိုးဘူး လက်နက်ကြီးနဲ့ပဲ လှမ်းပစ်တယ်။ ဒရုန်းနဲ့လာလာပြီး ပစ်တယ်။ ဒါတွေပဲ ရှိတယ်။ အဓိက က မိုးကာလကြောင့်လည်း ပါတယ်။ နောက်ပြီးတော့ သူတို့ တိုးဖို့လည်း သူတို့မှာ ခက်ခဲတာ ရှိတဲ့အခါကျ သူတို့မှာ ဘယ်လို့မှ အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဒီလို ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီနဲ့ ပစ်တယ်။ အခုဆိုရင် နည်းနည်း အခေါက်စိတ်တယ်”လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

မေ ၂၈ ရက် နေ့လယ် ၁၂ နာရီလောက်က အမှတ် ၄ ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး ၁ ယောက် နေအိမ်ခြံဝင်းအတွင်း မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျန်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကျေးရွာတာဝန်ရှိသူတွေက ဖိအားပေး ပြောင်းရွှေ့ခိုင်းတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  စစ်ရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြန်လည်ဝင်ရောက်နေထိုင်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ မြို့ပြင်ကို ထုနေတယ်။ အသံတွေက အကျယ်ကြီးပဲ။ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တယ်။ ပြန်တဲ့သူတွေဆိုရင် အထုပ် ထုပ်ထားတယ်။ တခုခု ဖြစ်လာရင် ပြန်ပြေးမယ်ဆိုပြီး နေတော့ နေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ KNU လက်အောက်ခံ KNLA တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားနေတဲ့ အာရှလမ်းနဲ့ ဒေါနတောင်ခြေအနီးက စစ်ရှောင်ကျေးရွာတွေအတွင်းကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ 

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024