Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ခြေတွင် မိုးသည်းထန်ပြီး သစ်ပင်နှင့်အဆောက်အအုံများ လဲကျပျက်စီး
DVB
·
June 11, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ညောင်ပင်တပင် လဲကျပြီး ဈေးဆိုင်တဆိုင်၊ လျှပ်စစ်ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေ ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းကျေးရွာ ကျိုက်ထီးရိုးဂေါပကရုံး အရှေ့မှာရှိတဲ့ ပေ ၅၀ မြင့်တဲ့ ညောင်ပင်တပင် လဲကျခဲ့ပါတယ်။

ညောင်ပင်လဲကျမှုကြောင့် ဖူးဖူးလေးယိုစုံဆိုင် ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၄ တိုင်၊ လျှပ်စစ်ထရန်စဖော်မာနဲ့ ကာရံထားတဲ့ ခြံစည်းရိုးလည်း ပျက်စီးခဲ့တာကြောင့် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တဦးက “မိုးအရမ်းရွာလို့ ညောင်ပင်ရေနူးပြီး လဲကျတာ။ ဖူးဖူးလေးယိုစုံဆိုင်ကို ပိသွားတယ်။ ဘေးနားမှာရှိတဲ့ ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေလည်း ပျက်စီးတာတွေရှိတယ်။ မီးကတော့ လတ်‌တလော ပျက်နေပါတယ်။ အခုမှ ပြန်ပြင်နေဆဲ ဖြစ်လို့ပါ။ လူထိခိုက်မှုကတော့ မရှိပါဘူး။ မိုးက မရပ်သေးဘဲ လေကလည်း ထန်နေတော့ သစ်ပင်တွေနဲ့ အဝေးဆုံးမှာပဲ နေကြပါ” လို့ ပြောပါတယ်။

ညောင်ပင်လဲကျမှုကြောင့် ဖူးဖူးလေးယိုစုံဆိုင်က ပျက်စီးဆုံးရှုံးမှု ၁၀ သိန်းကျော်ရှိခဲ့ပြီး ကင်မွန်းစခန်းနဲ့ ကျိုက်ထီးရိုးကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင် ၄ တိုင်နဲ့ ထရန်စဖော်မာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ၅,၈၅၀,၀၀၀ ရှိတာကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆,၈၅၀,၀၀၀ ရှိတယ်လို့ မီးသတ်တပ်ဖွဲ့‌ဝင်တွေက ပြောပါတယ်။

ကျိုက်ထီးရိုးတောင်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြေပြိုမှုအန္တရာယ်ရှိတာကြောင့် တောင်စောင်းတွေကို မသွားဖို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားတယ်လို့ ကျိုက်ထီးရိုးဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013