Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှု သတိရှိရန် သပိတ်ခေါင်းဆောင်များနှင့် လေ့လာသူများ တိုက်တွန်း
DVB
·
June 11, 2024
Photo Crd -Nyan Lynn Thit Analytica

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာက မင်္ဂလာဆောင်ကို လေကြောင်းက ဗုံးကြဲခံရမှု ဖြစ်စဉ်အပြီး လူစုလူဝေးကိစ္စတွေမှာ လေကြောင်းအန္တရာယ် လုံခြုံရေးသတိရှိကြဖို့ သပိတ်ခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သတိပေးတိုက်တွန်းလိုက်ပါတယ်။  

ဇွန် ၃ ရက် မနက်ပိုင်းမှာ အဲဒီမင်္ဂလာပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ လူဒါဇင်နဲ့ချီ သေဆုံးခဲ့သလို အများအပြားဒဏ်ရာရရှိခဲ့တာပါ။

အလားတူ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အစည်းအဝေးလုပ်ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး အပါအဝင် သေဆုံးသူ ၈ ဦးအထိရှိခဲ့သလို ဒဏ်ရာရသူ ၅၀ ကျော် ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ပိုလုပ်လာနေတာကြောင့် လူစုလူဝေးကိစ္စတွေ လုပ်မယ်ဆိုရင်လည်း လေကြောင်းအန္တရာယ်ကို ကြိုတင်တွက်ဆကြဖို့ လိုသလို၊ ဗုံးခိုကျင်းတွေ တူးတာနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေကို လုပ်ဆောင်ကြဖို့ ကိုလည်း သပိတ်ခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက  သတိပေးတိုက်တွန်းလိုက်တာပါ။

စစ်တပ်အနေနဲ့ အရင်ကလည်း စစ်ကိုင်းတိုင်းထဲက ရင်ပေါင်တိုင်ရွာ၊ လက်ယက်ကုန်းရွာတို့မှာ အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့သလို၊ ကချင်ပြည်နယ် ဖားကန့်မှာလည်း KIO နှစ်ပတ်လည် အခမ်းအနားကို လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့် အစုလိုက် အပြုံလိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

လူစုလူဝေးကိစ္စတွေဟာ လူမှုရေးကိစ္စတွေအပါအဝင် နိုင်ငံရေးကိစ္စတွေမှာလည်း အချိန်မရွေး ရှိနိုင်တာကြောင့် သတိထားဆောင်ရွက်ကြဖို့ လိုမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

နွေဉီးတော်လှန်ရေးကာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွေဟာ လူထုနဲ့တော်လှန်ရေးသမား တွေအတွက် အနစ်နာဆုံးနဲ့ အန္တရာယ်အရှိဆုံးဖြစ်တာကြောင့်  နိုင်ငံတကာအနေနဲ့ No Fly Zone သတ်မှတ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အနေနဲ့ စစ်ကိုင်းတိုင်းအပြင် တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း လူထု ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကို တောက်လျှောက်ပြုလုပ်နေတာဖြစ်ပြီး အရပ်သားအစုလိုက် အပြုံလိုက် သေဆုံးတာတွေလည်း တောက်လျှောက်ကြုံနေရတာပါ။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ရက်ပေါင်း ၁၂၁ ရက်မှာ စစ်ကောင်စီတပ်က လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၈၁၉ ခု ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ၁ ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် အနည်းဆုံး ၆ ခုနှုန်းရှိခဲ့ကာ  ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၅၉ ဦးရှိပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 ထက်အောင် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013