ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အတွင်းရှိ နွေဦးတမာန် တော်လှန်ရေး ထောက်ပို့အဖွဲ့သားတွေ နေထိုင်တဲ့နေအိမ်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ အဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန် ၁၀ ရက် ညနေ ၅ နာရီခန့်အချိန်မှာ ထိုင်းအာဏာပိုင်တွေ စစ်ကောင်စီရဲ့ တိုင်ကြားမှုနဲ့ လာရောက် စစ်ဆေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ပုံတွေကို နံရံမှာ ချိတ်ဆွဲထားတဲ့အတွက် ဖြုတ်ချခိုင်းခဲ့ပြီး ဖြုတ်နေစဉ်အတွင်းမှာ သူကြီးဖြစ်သူက အဖွဲ့တာဝန်ခံကို ဆဲဆိုကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
နွေဦးတမာန်အဖွဲ့ တာဝန်ခံ CDM ကျောင်းဆရာ နွေဦးနိုင်က “ကျနော်တို့ အားလုံးက အထောက်အထားတွေနဲ့ နေတာ။ သူတို့ ချမှတ်ထားတဲ့ ဥပဒေအတိုင်းလည်း နေတယ်။ အခန်းထဲမှာ ပြည်သူတွေ လှူဒါန်းထားတဲ့ ရိက္ခာပစ္စည်းပဲ ရှိတယ်၊ ကျန်တာ ဘာမှမရှိဘူး။ နံရံမှာ အမေစု ပုံနဲ့ သမ္မတကြီးပုံ ချိတ်ထားတာကို ပြဿနာရှာတာ။ ကျနော်တို့က ဖြုတ်ပေးနေတာကို သူကြီးက ကန်ကျောက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ထိုင်းအာဏာအပိုင်အဖွဲ့မှ သူကြီးဖြစ်သူက နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့ကို စစ်ကောင်စီက တိုင်တန်းထားတဲ့အတွက် လာရောက်ရှာဖွေစစ်ဆေးတာလို့ ပြောဆိုပြီး အဖွဲ့ဝင်တွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းကာ အမှိုက်ပုံးထဲကို လွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီက အာဏာသိမ်းယူထားတဲ့အချိန်မှာ စစ်ရှောင်ပြည်သူတွေ အရမ်းကိုများလာတယ်။ အဲဒီအတွက်ကြောင့် ကိုယ်နိုင်ရာကနေ စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ လုပ်ဆောင်ပေးနေတာ။ ဒါကို စစ်ကောင်စီက တိုင်လို့ လာစစ်ဆေးရင်လည်း ဥပဒေအတိုင်း လုပ်စေချင်တယ်၊ ကိုယ်ထိလက်ရောက် စော်ကားတာမျိုး မဖြစ်စေချင်ဘူး” လို့ CDM ကျောင်းဆရာ နွေဦးနိုင်က ပြောပါတယ်။
အခုဖြစ်စဉ်မှာ ဖမ်းဆီးခံရတာတော့ မရှိပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သူတွေကို ထိုင်းအာဏာပိုင်တွေက မကြာခဏ ဖမ်းဆီးစစ်ဆေးတာ ပြုလုပ်လေ့ရှိပြီး နေထိုင်ခွင့်အထောက်အထား ပြည့်စုံစွာမပြနိုင်သူတွေကို ဖမ်းဆီးပြီး ဒဏ်ငွေရိုက်သလို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးတာမျိုးလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်ရပ်မျိုး နောက်ထက် မဖြစ်ပွားစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိုင်းအာဏာပိုင်တွေ ဆက်ဆံရေး ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ တော်လှန်ရေးထောက်ပို့အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရကို အသိပေးစာ ပေးပို့ထားတယ်လို့ သိရပါတယ်။