Home
မြန်မာသတင်း
မြိတ်-ထားဝယ်ကားလမ်း၌  ခရီးသွားများကို စစ်ဆေး ခြိမ်းခြောက်ငွေတောင်းနေ 
DVB
·
December 8, 2023
myeik 8122023

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ကားလမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ခရီးသွားလာတဲ့ ပုလောဒေသခံတွေကို ပိုမိုစစ်ဆေးမေးမြန်းမှုတွေနဲ့ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းယူတာတွေ ပြုလုပ်လာတယ်လို့ ပုလောဒေသခံတွေဆီက သိရပါတယ်။

အရင်က မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေရှိပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ အရင်က စစ်ဆေးတာနဲ့မတူဘဲ ပုလောဒေသခံတွေကို ပိုမိုစစ်ဆေးလာတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ပုလောဒေသခံ ခရီးသည်တဦးက “ကျနော် ဘိတ်(မြိတ်)ကို သွားတဲ့အချိန် စကစဂိတ်ကို ရောက်တဲ့အချိန်မှာ တခြားခရီးသည်တွေထက် ပိုစစ်ဆေးခံရတယ်။ ကျနော့်မှတ်ပုံတင်က ၆/ပလန မို့လို့ ပိုစစ်ဆေးခံရတာပါ။ ကျနော့်ရဲ့ ခရီးဆောင်အိတ်တွေရာ၊ ပါလာတဲ့အထုပ်တွေကအစ အကုန်ဖောက်စစ်တယ်” လို့ ပြောပါတယ်။

ခရီးသည်တဦးကလည်း “စကစတွေကို ကားမောင်းသမားတွေက ပိုက်ဆံပေးရင် တမျိုးစစ်တယ်။ ပိုက်ဆံမပေးဘူးဆို တော်တော်ကြမ်းတယ်။ စစ်ဆေးမေးမြန်းတာကတော့ လမ်းတလျှောက် PDF တွေ‌ တွေ့သေးလားလို့ မေးတယ်။ ဘယ်သွား ဘာသွားလုပ်မလို့ဆိုပြီး အမျိုးမျိုးမေးတာတွေ ရှိတယ်။ မြိတ်-ထားဝယ် ကားလမ်းတလျှောက်မှာ တဂိတ်ကို အနည်းဆုံး ၃,၀၀၀ လောက် ပေးရတယ်” လို့ ပြောပါတယ်။

မြိတ်မြို့အဝင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ၆/ပလန မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို မှတ်ပုံတင်၊ အိမ်ထောင်စု၊ ကိုယ်နေထိုင်ရာ ပုလောမြို့နယ်က ရပ်ကွက်ထောက်ခံစာနဲ့ ကိုယ်သွားတည်းမယ့် အသိမိတ်ဆွေရဲ့ အာမခံချက်တွေကို အစစ်အဆေးခံပြီးမှ မြို့ထဲဝင်ခွင့်ရှိတယ်လို့ ပုလောဒေသခံ ခရီးသည်တဦးက ပြောပါတယ်။

မြိတ်မြို့မှာ လာရောက်အလုပ်လုပ်နေတဲ့ ရေလုပ်သားတဦးက “မြိတ်နဲ့ ပုလောကို အသွားအပြန်လုပ်နေတဲ့ ကျနော်တို့ ရေလုပ်သားတွေဆို ပိုအခက်တွေ့တယ်။ ဘိတ်ကိုလာရင်လည်း စစ်ဆေးခံရသလို ပုလောကိုသွားရင်လည်း စစ်ဆေးခံရတယ်။ ၆/ပလန မှတ်ပုံတင်ဆို တော်တော်စစ်ဆေးတယ်။ အဲလိုမျိုး အရစ်မခံချင်ရင် ပိုက်ဆံ တသောင်း၊ တသောင်းခွဲလောက် ပေးရတယ်” လို့ ပြောပါတယ်။

မြိတ်-ထားဝယ် ကားလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ပြည်ခြားဂိတ်၊ ထမင်းမစားဂိတ်၊ ပုလောတံတားဂိတ်၊ မကျည်းကုန်းဂိတ်၊ ပလဂိတ်၊ မီးလောင်ချောင်းဂိတ်၊ သမုတ်ဂိတ်နဲ့ ကျွဲကူးဂိတ်တို့ ရှိတယ်လို့ ဒေသတွင်း အရင်းအမြစ်တွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013