Home
မြန်မာသတင်း
လက်လီဆိုင်များအထိ စစ်ဆေးဖမ်းဆီးမှုကြောင့် ကုန်ပစ္စည်းဈေး ထပ်တက် 
DVB
·
October 30, 2024

တရုတ်- မြန်မာနယ်စပ်ဂိတ်တွေ ပိတ်လိုက်တာအပြင် စစ်ကောင်စီက နယ်စပ်က ဝင်တဲ့ ပစ္စည်းတွေ ကို  တားဆီးစစ်ဆေးတာနဲ့ လက်လီဆိုင်တွေအထိ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ဆိုင်တွေမှာ ပြည်ပသွင်းကုန်တွေ အရောင်းအဝယ်အေးနေပြီး ကုန်ပစ္စည်းဈေးတွေထပ် တက်လာပါတယ်။ 

စစ်ကောင်စီရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှုးကြီးစိုးဝင်းက တရားမဝင် နယ်စပ်ကုန်သွယ်‌ နေမှုက ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုထိခိုက်စေသလို မလိုလားအပ်တဲ့ပစ္စည်းတွေ ရောနှောပို့လို့မရအောင် တားဆီးစစ်ဆေးတာတွေကို လုပ်ရမယ်လို့ အောက်တိုဘာ ၉ ရက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးပွဲမှာ ပြောကြားခဲ့တာပါ၊၊ 

အဲဒီနောက်မှာတော့ ကုန်သည်တွေက ဒေါ်လာဈေး ၇၀၀၀ ကျော်ချိန်မှာ ကုန်ပစ္စည်း ဈေးတွေ အဆမတန်တက်ခဲ့တာကြောင့်  အရောင်းအဝယ်တွေ ငြိမ်ခဲ့သလို အခုလို နယ်စပ်ဂိတ်တွေပိတ်တာ၊ တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီးချိန်မှာလည်း အရောင်းအဝယ်တွေက အေးနေကြောင်း သိမ်ကြီးဈေးအတွင်း လူသုံးကုန်ပစ္စည်း ရောင်းချသူတယောက်က ပြောပါတယ်။

“ရှိတာကုန်သွားရင် ခဏ ရပ်ထားရမှာပဲ၊ အနေတော်လောက်ကျသွားတယ်။ ဟိုကပိတ်လိုက်တာနဲ့၊ ဒီက အရောင်းဝယ်မရှိတာနဲ့။ အရင်တုန်းကတည်းက အရောင်းဝယ်ကမရှိတော့တာ၊  ဘာလိုလဲဆို‌တော့ ဒေါ်လာဈေးတွေ စတက်ပြီးကတည်းက အရောင်းဝယ်က တော်တော်များများအေးသွားတာ။  တော်တော်များများများက မရှိမဖြစ်လောက်ဘဲ အဓိက အစားအသောက်လောက်ပဲ၊ ကျန်တာနေရာ အပိုပစ္စည်းမသုံးကြတော့ဘူး။”

ဒုတိယကာကွယ်ရေးဦးစီးချုပ်က တရားမဝင်ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ တားဆီးစစ်ဆေးတာတွေအပြင် သိုလှောင်ရုံတွေနဲ့ ဈေးကွက်ထဲအထိ စစ်ဆေးရမယ်လို့ ပြောဆိုခဲ့တာပါ၊ 

လတ်တလော တရားမဝင်ကုန်သွယ်မှုတွေကို ပိတ်ဆို့ဖမ်းဆီးရာမှာ လက်လီဆိုင်တွေကိုပါ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ဈေးတွေတက်နေပြီး အရောင်းပြပစ္စည်းတွေအပြင် သိုလှောင်သိမ်းဆည်းပြီး ရောင်းဝယ်နေရကြောင်း ကုန်စုံဆိုင်ပိုင်ရှင် တယောက်က ပြောပါတယ်။

“အခုတောင် ဈေးတက်ဖို့ တာဆူနေပြီ။ စူပါတို့ဘာတို့ကအစ၊ အချိန်မရွေးဈေးပြောင်းနိုင်တယ်။ အကုန်လုံးက နိုင်ငံခြားကုန်ကြမ်းပဲ သုံးရတာ။ သူတို့က အကုန်လုံးပိတ်၊ ဘာပဲ ပိတ်ပိတ်၊ အကုန်လုံးက တရုတ်နဲ့ ယိုးဒယားက မလွတ်ဘူးလေ။ သကြားကအစ ယိုးဒယားက သွင်းတာပဲ။ ကျနော်တိ့် ဒီက လုပ်လို့ရတာ သိပ်မှ မရှိတာ။ ကုန်ကြမ်း၊ ပွဆေး၊ အကုန်လုံးက နိုင်ငံခြားက ထွက်တာလေ။ ကိုယ့်ပြည်တွင်းက ထုတ်တာမှမဟုတ်တာ။ ဟိုးအရင် အနှစ် သုံးလေးဆယ်ကို ပြန်ရောက်သွားမှာပဲ။”

သိုလှောင်ပစ္စည်းတွေရှိပေမဲ့ ဂိတ်ပိတ်တာ၊ ဖမ်းဆီးတဲ့ အနေထားတွေကြောင့် ပြန်ရောင်းမယ့် လူသုံးကုန် ပစ္စည်းဈေး ဈေးပြန်တက်လာနေပါတယ်။ 

သိမ်ကြီးဈေးမှာ ဈေးမတက်မဲ့ လက်ကားဆိုင်ကို ရှာဖွေနေတဲ့ အရုပ်ဆိုင် ဖွင့်ထားသူ တယောက်က “ပစ္စည်းတွေ ရောက်ဖို့က အရက် ၂၀၊ ၃၀ လောက်ကြာဦးမယ် ပြောတယ်။ လမ်းကြောင်းတွေ ပိတ်တဲ့အခါကျတော့ ကိုယ်တွေ ကွင်းဆင်းတဲ့လူတွေက အဆင်မပြေဘူးပေါ့။ ၁၀ခု ဝယ်ရမယ့် သူကလည်း တခုလောက်ပဲ ဝယ်နိုင်တော့ နည်းနည်းအသွားတာပေါ့။ ဒီကုန်ဈေးနှုန်းမြင့်တာနဲ့အမျှ ဒုက္ခတော့ရောက်မှာပဲလေ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ပြောစကားပေါ် မူတည်ပြီး ဥပေဒတွေ ပြောင်းလဲစီရင်နေတဲ့ စစ်ကောင်စီ လက်ဝေခံ ဌာနဆိုင်ရာတွေကြောင့် ပြည်တွင်းဈေးကွက်မှာ ပြဿနာနဲ့ အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်၊ 

အောက်တိုဘာ ၂၆၊ ၂၈ နဲ့ ၂၉ ရက် ၃ ရက်တာမှာ အမှုတွဲ ၃၇ ခုကနေ လူသုံးကုန်၊ ဆေးဝါးနဲ့ စားသောက်ကုန်၊ စက်ပစ္စည်းအမျိုးမျိုးနဲ့ သစ်၊ စက်သုံးဆီ တန်ဖိုးစုစုပေါင်း သိန်းပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ထည့်သွင်း ကြေညာ ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013