
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာ စစ်အာဏာရှင်ရဲ့ အာဏာတည်မြဲဖို့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက မြို့နယ်ပေါင်း ၂၀၀ ကျော်မှာ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ အပိုင်းလိုက်ခွဲပြီး ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။
ဒါပေမဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာ ရွေးကောက်ပွဲကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
“စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို KNU က လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်မယ့် နည်းလမ်းမဟုတ်ဘူး။ စစ်အာဏာရှင်ရဲ့ အာဏာတည်မြဲဖို့က သူတို့လုပ်တဲ့အချက်ပဲ ဖြစ်တယ်။ ကျနော်တို့က လုံးဝ လက်မခံဘူး။ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း သူတို့ လုပ်မရဘူး။ ကျနော်တို့ ဆန့်ကျင်တယ်။ တချိန်တည်းမှာလည်း ပြည်သူလူထု အများစုကလည်း ကျနော်ထင်သလောက် သူတို့ကလည်း မဲမပေးချင်ဘူး။ ပြည်သူလူထုအများစုက လက်မခံဘူး။ အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေးဘက်က ရပ်တည်ပြီးတော့ ပြည်သူလူထုရဲ့ လုပ်နိုင်သမျှ လုပ်တတ်သမျှ အခွင့်အရေးကို လုပ်ပါ။ ဒီ စကစကို ကျနော်တို့က တရားဝင် လက်မခံဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ သူတို့စနစ်ဆိုးကြီးကိုပဲ ဆက်လက်ပြီး အာဏာတည်မြဲဖို့ပဲရှိတယ်။”
၂၀၂၅ ခုနှစ်မှာ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းတပ်ဖွဲ့တွေ၊ မွန်တော်လှန်ရေးအင်အားစုတွေ၊ ဗျူဟာ ၃၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ထားဝယ် နယ်မြေခံတပ်တွေ၊ PDF တွေ၊ ပကဖတပ်တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်ကောင်စီကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
စစ်တပ်က စီစဉ်နေတဲ့ ရွေးကောက်ပွဲကို မဖြစ်အောင် နည်းပေါင်းစုံနဲ့ တားဆီးသွားမှာဖြစ်တယ်လို့ အထူးတိုင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောပါတယ်။
“ရွေးကောက်ပွဲလုပ်စရာ အကြောင်းကိုမရှိတာ။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်ပြပြီး ပြည်သူမဲထည့်ခိုင်းတဲ့ဟာ။ ရွေးကောက်ပွဲမှ မဟုတ်တာ။ ဒါကို ကျနော်တို့အားလုံး တွေ့နေရပြီသား ဖြစ်တယ်။ ပြည်သူတွေကို သေနတ်ပြ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတော့ ဒါကတော့ ကျနော်တို့ တော်လှန်ရေးသမားတွေကတော့ ရှင်းရှင်းလင်းလင်း အထက်မှာ ပြောထားပြီးသား။ ရွေးကောက်ပွဲကို လုပ်လို့မရဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ လုပ်စရာအကြောင်းလည်း မရှိဘူးဆိုတာ တရားဝင်ပြောထားပြီးသား။ ကျနော်တို့ကတော့ သေချာတယ်၊ ရွေးကောက်ပွဲကို မဖြစ်အောင်တော့ နည်းပေါင်းစုံနဲ့ တားဆီးသွားမှာဖြစ်တယ်။ ဒါကတော့ ကျနော်တို့ သေချာတယ်။ ကျနော်တို့ ကြေညာထားပြီးဖြစ်သလို အထက်မှာလည်း ကျနော်တို့ ပြောထားပြီးသားလည်း ဖြစ်ပါတယ်။”
လက်ရှိမှာလည်း တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေအတွင်း ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ထီးခီးနယ်စပ်၊ မောတောင်နယ်စပ်တလျှောက်က စစ်ကောင်စီရဲ့ တပ်စခန်း ကုန်သလောက်နီးပါးကို KNLA နဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် ထားဝယ်-မြိတ်-ကော့သောင်း အမှတ် ၈ လမ်းမတလျှောက်ကိုလည်း ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ နတ်အိမ်တောင်စခန်းနဲ့ မောတောင်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် နယ်မြေစိုးမိုးမှုအရ ၆၀ ရာခိုင်နှုန်းအထက်ကို ထိန်းချုပ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အောင်ခန့်