Home
မြန်မာသတင်း
စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲက ပြည်သူ့အစိုးရ ဖြစ်လာမည်မဟုတ်ဟု TNLA ပြော
DVB
·
August 5, 2025

စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကနေ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ ဖြစ်လာမှာ မဟုတ်ဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပြောခွင့်ရသူ လွေးယေဦးက DVB ကို ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၅ ရက်မှာ PSLF/TNLA က အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေနဲ့ ဇွန်လ ၁ လတာ လှုပ်ရှားမှုအကြောင်း သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေဆိုခဲ့တာပါ။

လွေးယေဦးက “သေချာတာကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲသည် အရပ်သား ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရ မဖြစ်နိုင်ကြောင်းကတော့ သေချာပါတယ်။ ဆို‌တော့ ဒီအပေါ်မှာ ကျမတို့ မှတ်ချက်ပြုစရာတော့ မရှိသေးဘူးပေါ့။ ဒါ သေချာတယ်၊ လေ့လာဆန်းစစ်နေတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို စစ်တပ်ကဦးဆောင်ပြီး ကျင်းပမယ့်အပြင် လူတွေကလည်း ဗိုလ်ချုပ်အဆင့် ရှိသူကစလို့ စစ်တပ်အဆင့်အသီးသီးက ပုဂ္ဂိုလ်တွေ ယူနီဖောင်းပြောင်းဝတ်ပြီး အစိုးရဖွဲ့နိုင်ဖို့ အရပ်သားအဖြစ် ပြောင်းလဲထားတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

TNLA ထိန်းချုပ်နယ်မြေတွေမှာ ပါတီတွေ မဲဆွယ်ခွင့်နဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် လက်ခံမှာလား ဆိုတာကိုတော့ မှတ်ချက်ပြုစရာမရှိသေးကြောင်း ဆိုပါတယ်။

ဒါပေမဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ အားလုံးကို ပြည့်ပြည့်ဝဝ စီမံအုပ်ချုပ်နိုင်ထားကြောင်း ပြောပါတယ်။

ဒါကြောင့် စစ်တပ်က ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးဟာလည်း ဒီနယ်မြေတွေမှာ သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ) ဇူလိုင် ၃၁ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူနဲ့ ကွတ်ခိုင် အပါအဝင် မြို့နယ်ပေါင်း ၆၃ ခုကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ TNLA တို့ အခု ဩဂုတ်လနှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ရှိနေပြီး အပစ်ရပ်ရေးကိစ္စနဲ့ လူသားစာနာကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ လွေးယေဦးက ပြောပေမဲ့ စစ်တပ်က သူတို့ လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013