Home
နိုင်ငံတကာ
တူနီးရှားအတိုက်အခံခေါင်းဆောင်များကို ထောင်ဒဏ် ၅ နှစ်မှ ၄၅ နှစ်အထိ ချမှတ်
DVB
·
November 29, 2025
Photo :Reuters

တူနီးရှားနိုင်ငံအယူခံတရားရုံးဟာ အတိုက်အခံခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေနဲ့ ရှေ့နေတွေကို  နိုဝင်ဘာ ၂၈ ရက်မှာ ထောင်ဒဏ် ၅ နှစ်မှ ၄၅ နှစ်အထိ အသီးသီးချမှတ်ခဲ့ပြီး ဒါဟာ သမ္မတ ကိုက်စ်ဆေအစ်ဒ်ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုရဲ့ လက္ခဏာတရပ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

တူနီးရှားနိုင်ငံရဲ့ လတ်တလော သမိုင်းဖြစ်ရပ်တွေထဲမှာ အကြီးမားဆုံး နိုင်ငံရေး တရားစွဲဆိုမှုတခုဖြစ်တဲ့ သမ္မတကို ဖြုတ်ချဖို့ ပူးပေါင်းကြံစည်မှုနဲ့ လူအယောက် ၄၀ ကို တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံရသူ အယောက် ၂၀ ကတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ ဝေဖန်သူတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး လွတ်လပ်တဲ့ NGO တွေကိုတော့ ပြစ်ဒဏ်ဆိုင်းငံ့ထားခဲ့ပါတယ်။

အရင်အရာရှိဟောင်းတွေနဲ့  ထောက်လှမ်းရေး အကြီးအကဲဟောင်း ကာမဲလ် ဂွီဇာနီ အပါအဝင် တရားခံတွေဟာ နိုင်ငံကို မတည်မငြိမ်ဖြစ်စေဖို့နဲ့ ဆေအစ်ဒ်ကို ဖြုတ်ချဖို့ ကြိုးစားခဲ့ကြကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက် ရုံးတင်စစ်ဆေး အပြီးမှာ တရားခံတွေရဲ့ ရှေ့နေ မော့က်ထာဂျေမိုင်က “ဒါဟာ တရားစီရင်ရေးဆိုင်ရာ ပြက်လုံးတခုပါ။ နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားဖို့ ရှင်းလင်းတဲ့ ရည်ရွယ်ချက်တခုရှိပါတယ်”လို့ ပြောပါတယ်။ 

ဂါဇီ ချောင်အာချီ၊ အစ်ဆမ် ရှက်ဘီတို့ အပါအဝင် နာမည်ကြီး အတိုက်အခံပုဂ္ဂိုလ်တွေဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံခဲ့ရကြောင်း နောက်ထပ် တရားခံရှေ့နေတယောက်ဖြစ်တဲ့ ဒါလိလာ ဘင်အမ်ဘရက်က ပြောပါတယ်။

သူတို့အားလုံးဟာ ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံရပြီးကတည်းက ချုပ်နှောင်ခံထားရတာပါ။ စီးပွားရေးသမား ကာမဲလ် အလ်တေ့ဖ်က ပြစ်ဒဏ်အများဆုံး ၄၅ နှစ်ဖြစ်ပြီး အတိုက်အခံနိုင်ငံရေးသမား ခိုင်ယမ်းတွတ်ရ်ကီ မှာ ၃၅ နှစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အတိုက်အခံခေါင်းဆောင်တွေကတော့ ဒီတရားစွဲဆိုမှုဟာ လုပ်ကြံဖန်တီးထားတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ သုတ်သင်ရှင်းလင်းမှု လုပ်ဆောင်တယ်လို့ သမ္မတကို စွပ်စွဲထားပါတယ်။ သူတို့ဟာ ဒီမိုကရေစီဆုတ်ယုတ်မှုကို ဆန့်ကျင်တဲ့ ပြိုကွဲနေတဲ့ အတိုက်အခံတွေကို စည်းလုံးစေဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ဆေအစ်ဒ်ဟာ အထူးအာဏာတွေကို သိမ်းပိုက်ပြီးကတည်းက သဘောထား ကွဲလွဲမှုတွေကို အရှိန်အဟုန်မြင့် နှိမ်နင်းလာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တို့လို လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ လွှတ်တော်ကို ဖျက်သိမ်းခြင်း၊ အမိန့်ဒီကရီနဲ့ စီရင်ခြင်း၊ လွတ်လပ်တဲ့ အမြင့်ဆုံးတရားစီရင်ရေးကောင်စီကို ဖျက်သိမ်းခြင်းနဲ့ ၂၀၂၂ ခုနှစ်မှာ တရားသူကြီး အများအပြားကို ရာထူးမှထုတ်ပယ်ခြင်းတို့ကို ပြုလုပ်ပြီးကတည်းက ဆေအစ်ဒ်ဟာ တရားစီရင်ရေးကို ထိန်းချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ဆေအစ်ဒ်က နိုင်ငံရေးသမားတွေဟာ "သစ္စာဖောက်တွေနဲ့ အကြမ်းဖက်သမားတွေ" ဖြစ်ပြီး သူတို့ကို အပြစ်မရှိကြောင်း ဆုံးဖြတ်မယ့် တရားသူကြီးတွေဟာ သူတို့ရဲ့ ကြံရာပါတွေဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013