Home
နိုင်ငံတကာ
တူနီးရှားတွင် ဆရာဝန်ထောင်ချီ သပိတ်မှောက်၊ ကျန်းမာရေးစနစ် ပြိုလဲဖွယ်ရှိ
DVB
·
November 20, 2025
Photo: REUTERS/Jihed Abidellaoui

တူနီးရှားနိုင်ငံတဝန်းမှာ နိုဝင်ဘာ ၁၉ ရက်က လူငယ်ဆရာဝန် ထောင်ပေါင်းများစွာဟာ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုရင်း ကျန်းမာရေးစနစ် ပြိုလဲတော့မယ်လို့ သတိပေးပြီး သပိတ်မှောက်ခဲ့ကြပါတယ်။

နိုင်ငံတဝန်းကို လှုပ်ခါစေတဲ့ ပိုကျယ်ပြန့်တဲ့ လူမှုရေးမငြိမ်မသက်မှုလှိုင်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ပိုဆိုးရွားလာတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ အများပြည်သူဝန်ဆောင်မှု ကဏ္ဍတွေမှာ အနှောင့်အယှက်တွေကြောင့် ဖြစ်လာတဲ့ ပတ်ဝန်းကျင်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သမ္မတ ခေးဆေး အတွက် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။

အဖြူရောင်အင်္ကျီတွေ ဝတ်ထားတဲ့ ဆန္ဒပြသူတွေက တူနီးရှားလွှတ်တော်နားမှာ စုဝေးပြီး “ဆရာဝန်တွေအတွက် ဂုဏ်သိက္ခာ နဲ့ ဆေးရုံတွေကို ကယ်တင်ပါ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

လုပ်ခလစာ နည်းပါးခြင်းအပြင် ခေတ်မမီတော့တဲ့ စက်ပစ္စည်းတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ရှားပါးမှုကို ဆန္ဒပြသူတွေက ညည်းညူခဲ့ကြပြီး ဒီအချက်တွေဟာ လူငယ်ကျန်းမာရေးပညာရှင်တွေ ဥရောပနဲ့ ပင်လယ်ကွေ့ဆီ ထွက်ခွာမှု တိုးပွားလာစေတယ်လို့ သူတို့က ပြောပါတယ်။

“ဆရာဝန်တွေက ဇိမ်ခံပစ္စည်းတွေ၊ လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆိုနေတာ မဟုတ်ဘူး။ သူတို့ကို ပေးဆောင်ရမယ့်ငွေကို ပေးချေဖို့သာ တောင်းဆိုနေကြတာပါ” လို့ လူငယ်ဆရာဝန်များ အဖွဲ့အစည်းရဲ့ အကြီးအကဲ ဝါဂျီး ဒက္ကာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။

သမ္မတက နိုင်ငံတော်ကို ထိခိုက်စေဖို့ ကဏ္ဍအသီးသီးမှာ အကျပ်အတည်းတွေကို ဖန်တီးနေတယ်လို့ သူက ဖော်ပြတဲ့ ပူးပေါင်းကြံစည်သူတွေနဲ့ စိမ့်ဝင်သူတွေအဖြစ် ဆန္ဒပြသူတွေကို စွပ်စွဲခဲ့ပါတယ်။

တူနီးရှားနိုင်ငံမှာ မကြာသေးမီလတွေအတွင်း သယ်ယူပို့ဆောင်ရေးလုပ်သားတွေနဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ လစာငွေနဲ့ ပတ်သက်ပြီး သပိတ်မှောက်တာတွေကို မြင်တွေ့ခဲ့ရပြီး တောင်ပိုင်း ဂေ့ဘ်စ်မြို့ဟာ နိုင်ငံပိုင် ဓာတုဗေဒစက်ရုံတခုအပေါ် အပြစ်တင်ထားတဲ့ ညစ်ညမ်းမှု အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ ဆင်နွှဲရာ အဓိကနေရာတခု ဖြစ်လာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013