
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်နေတာကြောင့် လက်ခံလာအောင် ဆောင်ရွက်ပေးဖို့ ဘီလာရုစ် အာဏာရှင်သမ္မတ လူကာရှန်ကို ကို မြန်မာ စစ်ခေါင်းဆောင်က အကူအညီတောင်းခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့က ဘီလာရုစ်သမ္မတမပြန်ခင် စစ်ခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့တွေ သီးသန့်တွေဆုံရာမှာ မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တာကို နိုင်ငံတကာသိအောင် ပြောဆိုပေးဖို့ အကူအညီတောင်းခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
“ရွေးကောက်ပွဲကို နိုင်ငံတကာကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကရော လက်မခံဘူးဆိုတာ စစ်ခေါင်းဆောင်က သိတယ်။ ဒါကြောင့် ဥရောပသမဂ္ဂ၊ နယူးဇီလန်နဲ့ အမေရိကန်လို အင်အားကြီးနိုင်ငံတွေက လက်ခံလာအောင် ကူညီပြောပေးဖို့ အကူအညီတောင်းတာ။ ဒေါ်နယ်ထရမ့်ပ် TPS ထုတ်တဲ့အချိန်နဲ့ ဘီလာရုစ်သမ္မတ မြန်မာပြည် လာတဲ့အချိန်လည်း အချိန်ကိုက်ဆိုတော့ ကွက်တိပဲ ပုဒ်မ ၅၀၅ က တွေ လွှတ်ပေးတာလည်း လှည့်ကွက်တခုပဲ” လို့ ပြောပါတယ်။
ဘီလာရုစ်သမ္မတ မြန်မာနိုင်ငံလာတဲ့အချိန်မှာ နှစ်နိုင်ငံကြား ပညာရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ် ၁၈ ခု လက်မှတ်ရေးထိုးခဲ့ပေမဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မဟုတ်ဘဲ ဘီလာရုစ်သမ္မတ လူကာရှန်အတွက် လော်ဘီကြေးသက်သက်ပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ထောက်ခံတာဆိုလို့ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်ပဲရှိတယ်။ အာဆီယံကတောင်လက်မခံဘူး။ စီးပွားရေးအရစာချုပ်တွေ ချုပ်တယ်ဆိုတာလည်း လော်ဘီကြေးပေးတယ်လို့ပဲမြင်တယ်။ တရုတ်လာလည်းပေး၊ ရုရှားလာလည်းပေး၊ နောက်ဆုံး တိုင်းပြည်က အခွံပဲကျန်မယ်” လို့ ဝေဖန်သုံးသပ်ပါတယ်။
စစ်တပ်ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ၊ အမေရိကန်လွှတ်တော်၊ နယူဇီးလန်လွှတ်တော်နဲ့ အာဆီယံ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အပါအဝင် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။
ဒီလိုကန့်ကွက်နေပေမယ့် စစ်အုပ်စုကတော့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစလို့ အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်သွားမှာဖြစ်ပြီး ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၅၇ ပါတီက ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ ကျော် ဝင်ပြိုင်ဖို့စီစဥ်နေကြပါတယ်။


