Home
မြန်မာသတင်း
ရွေးကောက်ပွဲအကြိုကာလ နိုင်ငံတကာရာဇဝတ်မှုကြီးများ ကျူးလွန်နိုင်ကြောင်း IIMM သတိပေး
DVB
·
November 27, 2025

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)” က နိုဝင်ဘာ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။

IIMM အကြီးအကဲ နီကိုးလပ်စ်ကွန်ဂျန်းက “လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကျင်းပတာ၊ ဒါမှမဟုတ် နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာက ယန္တရားရဲ့လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ ရာဇဝတ်မှု မဟုတ်ပါဘူး။ ယန္တရားရဲ့ လုပ်ပိုင်ခွင့်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးစေမှုတွေမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်စေနိုင်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူထုကြားမှာ အကြောက်တရား ပြန့်ပွားစေတဲ့အကြောင်း စိတ်ပူစရာကောင်းတဲ့ သတင်းပေးပို့ချက်တွေကို ယန္တရားက လက်ခံရရှိထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်အာဏာပိုင်တွေက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ်သတ်မှတ်တဲ့ ဥပဒေတရပ်ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဆိုပါဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ရွေးကောက်ပွဲကို ဝေဖန်တာတွေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဆိုပါဥပဒေကို အသုံးပြုကာ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် လူအများအပြား ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကိုလည်း ယန္တရားက စုဆောင်းထားသလို ယန္တရားက ဥပဒေ ကြောင်းအရ အခြေအမြစ်မရှိဘဲ၊ ဒါမှဟုတ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမပါဘဲ  ဖမ်းဆီးထောင်ချတဲ့ အထောက်အထားတွေကို စုဆောင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်မှုတွေအတွက် အထောက် အထားတွေ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားတွေကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့ သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်တာနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေးကူညီဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ IIMM အနေနဲ့ မြန်မာစစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့တွေ လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နေရာတွေ ချဲ့ထွင်ဖို့အတွက် အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို  လေ ကြောင်း တိုက်ခိုက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းပေးပို့မှုတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နီကိုလတ်စ်ကွန်ဂျန်းက "အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်မက်ဥပဒေ ချိုးဖောက်မှုဖြစ်တယ်ဆိုတာ အဖွဲ့တွေအားလုံးကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အရပ်သားတွေကို မရှောင်ရှားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမက၊ နိုင်ငံရေးကိုယ် စားလှယ်လောင်းတွေနဲ့ မဲရေတွက်သူတွေလိုမျိုး ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို တိုက် ခိုက်တာတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ပါတယ်။ ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူ နိုင်ဖို့အတွက် အထောက်အထားတွေကို ကျနော်တို့ အားသွန်ခွန်စိုက် စုဆောင်းနေပါ တယ်” လို့ ပြောပါတယ်။

သတင်းပေးပို့လိုသူတွေအနေနဲ့ အချက်အလက်တွေ လက်ဝယ်ရရှိထားပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ဆီ ဆက်သွယ်ကြဖို့လည်း တိုက်တွန်းတောင်းဆို ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013