
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တနေရာမှာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY) က နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာ “သင့်မဲကြောင့် တရားဝင် လူသတ်ခွင့်မပေးနဲ့၊ ပြည်တွင်းရေး စွက်ဖက် တရုတ်များ အလိုမရှိ၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ ကျားဖြန့်ခေါင်းဆောင် မင်းအောင်လှိုင် ကုလ အမြန်ဖမ်းပါ၊ အာဏာတည်မြဲရေး ထွက်ပေါက်မပေးနဲ့” စတဲ့ စာသားတွေ ရေးဆွဲပြီး ဆန့်ကျင် ဆန္ဒပြတာလို့ သိရပါတယ်။
UKSY ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတယောက်က “ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ကျင်းပတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး ဆိုတာကို ပထမချက်အနေနဲ့ ပြောချင်တယ်။ ပြိုင်ဘက်အနိုင်ရခြေရှိတဲ့ ပါတီတွေ ဖျက်သိမ်းပြီး ရွေးကောက်ပွဲဝင်ပြိုင်လို့ မရအောင် ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းတာက ဘယ်လိုမှ စစ်မှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်း၊ ပြည်သူတွေက လွတ်လပ်စွာ ဆန္ဒမဲပေးဖို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်နိုင်သလို မပါဝင်နိုင်တာကြောင့် ဖြစ်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေက လွိုင်ကော်မြို့အတွင်း ပြန်လည်နေထိုင်မှု များလာချိန် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ရွေးကောက်ပွဲက တရားမဝင်ကြောင်းသိရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ကြည့်မယ်ဆို နိုင်ငံသားတဦးရဲ့ အခြေခံအခွင့်အရေးပေးထားတဲ့ ပုဒ်မ (၅)၊ ပုဒ်မ(၇)၊ ပုဒ်မ (၈) ကို ဖျက်သိမ်းပြီး ပြည်သူတွေက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ ပြုလုပ်ရင် အဲဒီဥပဒေတွေနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေကို ပြုလုပ်တာတွေ ဖြစ်တယ်။ တဖက်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြေညာပြီး တဖက်မှာ ပြည်နယ်နှင့်တိုင်းဒေသတွေမှာ နှစ်စဉ် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လုပ်ဆာင်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က အာဏာတည်မြဲနေရင် တနိုင်ငံလုံးက ပြည်သူတွေ လုံခြုံရေးအတွက် စိတ်မချရသလို နှစ်စဥ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လိုင်စင်ပေးထားသလို ဖြစ်နိုင်တာကြောင့် ဆန့်ကျင်တာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရွေးကောက်ပွဲကို ဒီဇင်ဘာလထဲ ပြုလုပ်ဖို့ စီစဥ်နေပြီး မဲမသမာမှုအနေနဲ့ လွိုင်ကော်အကျဥ်းထောင်က အချုပ်၊ အကျဥ်းကျနေရသူတွေကိုပါ မဲအတင်းအကျပ် ထည့်ခိုင်းတာတွေ ရှိနေတာပါ။


