
သီရိလင်္ကာနိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက်က နိုင်ငံတဝန်းမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ထ်ဝါကြောင့် အနည်းဆုံး လူ ၅၆ ယောက် သေဆုံးပြီး ၂၁ ယောက် ပျောက်ဆုံးနေကြောင်း အရာရှိတွေကပြောပါတယ်။
သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးမှာ မကြာသေးမီနှစ်တွေအတွင်း အဆိုးရွားဆုံး ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တခုကို ရင်ဆိုင်နေရချိန်မှာ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းဟာ လာမယ့် ၁၂ နာရီအတွင်း ကျွန်းအနှံ့ကို ရွေ့လျားလာတာနဲ့အမျှ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိပေးခဲ့ပါတယ်။
ကျွန်းနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း ဒစ်ထ်ဝါ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြေပြိုမှုတွေကြောင့် သေဆုံးမှု အများစု ဖြစ်ပေါ်ခဲ့ရပြီး အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရပါတယ်။
သီရိလင်္ကာလေတပ်က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ နိုဝင်ဘာ ၂၇ ရက် ကြာသပတေးနေ့မှာ ကူရုန်နီဂါလာပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ပတ်ဝန်းကျင်ရှိ နေအိမ်တွေ ရေလွှမ်းမိုးနစ်မြုပ်နေချိန်မှာ အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်တင်နေပုံကို ပြသထားပါတယ်။
တနိုင်ငံလုံးမှာ လူပေါင်း ၄၃,၉၉၁ ယောက်ကို စာသင်ကျောင်းတွေနဲ့ တခြားအများပြည်သူ ခိုလှုံရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (DMC) က ထုတ်ပြန် ပြောပါတယ်။
အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေတဲ့ မိသားစုတွေလည်းရှိနေပါတယ်။ စာသင်ကျောင်းတွေကို ပိတ်ထားဆဲဖြစ်ပြီး ရထားပြေးဆွဲဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းထားရကာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် အရောင်းအဝယ်တွေကိုလည်း စောစောစီးစီး ရပ်ဆိုင်းလိုက်ကြောင်း ကိုလံဘို စတော့အိတ်ချိန်းက ကြေညာခဲ့ပါတယ်။
သီရိလင်္ကာသမ္မတ အနူရာကုမာရာ ဒစ်ဆာနာယာ့(က်)ဟာ မနေ့က ဘေးအန္တရာယ်စီမံခန့်ခွဲမှု အရာရှိတွေ၊ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတွေနဲ့အတူ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ဘေးအန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချမယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
၂၀၀ မီလီမီတာအထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းတာဟာ အထူးသဖြင့် အလယ်ပိုင်းနဲ့ တောင်ကုန်းဒေသတွေမှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source:Reuters


