
သီရိလင်္ကာနိုင်ငံတဝန်းက ငါးမျှားဝါသနာအိုး အယောက် ၁,၀၀၀ ကျော်ဟာ ဒယ်ဒူရူအိုယာ ရေလှောင်ကန်မှာရှိတဲ့ ငါးရံ့ငါးကြီးတွေကို သုတ်သင်ဖို့ ရည်ရွယ်တဲ့ ငါးဖမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အနောက်မြောက်ပြည်နယ် ဝါရီယာပိုလာမြို့ဆီ စက်တင်ဘာ ၂၀ ရက်က စုရုံး ရောက်ရှိခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံက ရေချိုငါးမျိုးစိတ်ဖြစ်တဲ့ လာဘေအို ဟယ်လာဒီဗာ အပါအဝင် ရေလှောင်တမံမှာ တွေ့ရလေ့ရှိတဲ့ ငါးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရေလုပ်သားအသင်း ၃ ခု၊ ငါးလုပ်ငန်းဝန်ကြီးဌာနနဲ့ နာမည်ကြီး ငါးဖမ်းအသင်းတို့က ဒီပြိုင်ပွဲကို ပူးပေါင်းကျင်းပတာလည်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် စရီယန် ဂျနာကာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ငါးရံ့ငါးကြီးတွေ အကောင်ရေ တိုးလာတာနဲ့အမျှ သူ့ရဲ့ နေ့စဉ် ငါးဖမ်းနိုင်မှု ပမာဏက တရက်ကို ၁၅ ကနေ ၂၀ ကီလိုဂရမ်လောက်ကနေ ခုတော့ ၂ ကီလို ၃ ကီလိုအထိ လျော့သွားတာကို ရင်ဆိုင်ခဲ့ရပါတယ်။
ငါးဖမ်းလုပ်ငန်းမှာ ဘေးဖြစ်လာလို့ ဒီပွဲကို စီစဉ်ရတာပါ။ ငါးရံ့တွေ တအားပွားလာတာက အဓိက အကြောင်းရင်း ဖြစ်နေလို့ ငါးဖမ်းမိတဲ့နှုန်းနဲ့ ဝင်ငွေက ကျလာတယ်လို့ သူက ပြောပါတယ်။
ငါးရံ့ငါးကြီးတွေကို အိမ်မှာ မွေးမြူလေ့ရှိပေမဲ့ ပိုင်ရှင်တွေက မြစ်တွေထဲကို လွှတ်လိုက်ပြီးတဲ့နောက် ဂေဟစနစ်ကို ခြိမ်းခြောက်မှု ဖြစ်လာတာပါ။
သီရိလင်္ကာ အမျိုးသား ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က တာဝန်ရှိသူ ဥပါလိ ဝီရေ့ချ်က “ဒီပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ငါးရံ့အမြောက်အမြား ဖမ်းပြီး ရေလှောင်ကန်ထဲက ဖယ်ထုတ်ဖို့ပါပဲ။ သူက ငါးတွေကို ကြီးကြီးမားမား ပျက်စီးစေတဲ့အတွက် ရေလမ်းထဲကို မပစ်ကြဖို့ ပြည်သူတွေကို အကြောင်းကြားဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။
ငါးဖမ်းပွဲကို လာကြည်သူများပေမဲ့ ငါးရံ့ကြီး ၂၂ ကောင်သာ ဖမ်းမိပြီး ဖမ်းမိဖို့ ခဲယဉ်းနေခဲ့ပါတယ်။
Source: Reuters




