
သီရိလင်္ကာနိုင်ငံအလယ်ပိုင်း အူးဗာပြည်နယ်၊ အဲလ်လာမြို့မှာ စက်တင်ဘာ ၄ ရက်က ခရီးသည် ၃၀ ကျော်ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ လမ်းချော်ကာ မီတာ ၅၀၀ အမြင့်ကနေ တောင်စောင်းအတိုင်း လျှောကျခဲ့ပြီးနောက်မှာ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်ပိုင်းကမ်းရိုးတန်းမြို့ တန်ဂါလ်မှ စည်ပင်ဝန်ထမ်းတွေကို တင်ဆောင်ပြီး မြို့တော်ကိုလံဘိုရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ မြို့ငယ်လေး အဲလ်လာကို အပျော်ခရီး ထွက်ပြီးနောက် ပြန်လာချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
အခင်းမဖြစ်ခင်မှာပဲ ဘတ်စ်ကားယာဉ်မောင်းက ဘရိတ် မမိတော့ဘူးလို့ အော်ဟစ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတယောက်က ပြောပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နယ်မြေခံ ရွာသားတွေနဲ့ စစ်သား ၂၀၀ နီးပါး ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
ပြည်နယ်သတင်းထောက် ဗီရာ့ဂျ် ဖာနန်ဒိုက “ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့က အရမ်းခက်ခဲပြီး အခုအချိန်မှာ စစ်သားတွေ၊ ရဲတွေနဲ့ နယ်မြေခံတွေက ဒဏ်ရာရသူ ၁၀ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေကို အနီးနားရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး တချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters




