
အယ်လ်ဂျီးရီးယားနိုင်ငံမြို့တော် အလ်ဂျီးယားစ်မှာ ဩဂုတ် ၁၅ ရက်က ဘတ်စ်ကားတစီး အိုဝက်ဒယ်လ် ဟာရာ့ချ် မြစ်ထဲကို ထိုးကျသွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အယ်လ်ဂျီးရီးယား အရပ်ဘက်ကာကွယ်ရေး အရာရှိတယောက်က ပြောပါတယ်။
အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၄ ယောက်၊ စုစုပေါင်း သေဆုံးသူ ၁၈ ယောက်ရှိပြီး၊ ဒဏ်ရာရသူ ၂၃ ယောက်ထဲမှာ ၃ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်လို့ အယ်လ်ဂျီးရီးယား အရပ်ဘက်ကာကွယ်ရေးဌာနမှ စာရင်းအင်းနဲ့ သတင်းအချက်အလက် လက်ထောက်ညွှန်ကြားရေးမှူး တပ်မှူး နာစ်ဆင်းမ် ဘယ်နာအွီက ပြောပါတယ်။
ဒဏ်ရာရသူတွေကို အခင်းဖြစ်နေရာမှာပဲ ကုသပေးနေပြီး ဆာလင်းမ် ဇမီယာလီဆေးရုံကို အမြန်ပို့ဆောင်ပေးထားကြောင်းလည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဟာ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နေဆဲဖြစ်ပြီး ရုပ်အလောင်းတွေ ကို အယ်လ်ဂျီးယားရှိ ဆေးရုံအသီးသီးကို ပို့ဆောင်ပေးနေတယ်လို့လည်း ပြောဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညအချိန်အထိ ဆက်လက် လုပ်ဆောင်နေတာကြောင့် မြစ်ကမ်းပါးနဲ့ တံတားပေါ်တွေမှာ ရဲကားတွေနဲ့ လူနာတင်ယာဉ် အများအပြားကိုလည်း တွေ့မြင်ရပါတယ်။
အယ်လ်ဂျီးရီးယား သမ္မတ အဗ္ဗဒဲလ် မဒ်ဂျစ်ဒ် တဘ်ဘွန်းန်က သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဆွေမျိုးသားချင်းတွေကိုလည်း စိတ်ရှည်သည်းခံပေးဖို့ တောင်းဆိုသလို၊ ဒဏ်ရာရသူတွေ အမြန်ပြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
Source: Reuters