
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ၅ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ၅ လတာအတွင်း ယာဉ်မတော်တဆမှု ၆၇ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၂၂ ယောက် သေဆုံး၊ အမျိုးသား ၈၆ ယောက်နဲ့ အမျိုးသမီး ၈၅ ယောက်၊ စုစုပေါင်း ၁၇၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က “ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုက မဆင်မခြင် အရှိန်ပြင်းမောင်းနှင်မှုနဲ့ အလွန်ပူပြင်းတဲ့ ရာသီဥတုအပူရှိန်ကြောင့် ကားဘီးတာယာတွေ ပွင့်ထွက်တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေလည်းရှိသလို မိုးရာသီ ရေများနေတဲ့ အချိန်တွေမှာလည်း ကားဘီးတွေ စလစ်ဖြစ်ပွားပြီး တိမ်းမှောက်တဲ့ဖြစ်စဉ်တွေကြောင့် ယာဉ်မတော်တဆမှုတွေဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတလျှောက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေဖို့ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အရှိန်နှုန်းတိုင်းတာစက်တွေနဲ့ တိုင်းတာစစ်ဆေး အရေးယူနေတယ်လို့ သိရပါတယ်။