ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ ကြားမှာ ဧပြီ ၈ ရက်ည ၂၂း၄၀ အချိန်လောက်က ခရီးသည်တင် ယာဉ်တစီး ချောက်ထဲ ထိုးကျခဲ့တာကြောင့် ၇ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Rozer ၆ ဘီး (ခရီးသည်) ယာဉ်ဟာ လမ်းရဲ့ယာဘက် ပေ ၅၀၀ ခန့်နက်တဲ့ ချောက်ထဲ ထိုးကျသွားတာဖြစ်ပြီး ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၀ ယောက်အနက် အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ကာ တိုင်းနေလူမှုကူညီရေးအသင်းနဲ့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းယာဉ်တို့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။