
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲမှာ မြေကြွက်ကြီးတွေ မကြုံစဖူး ပေါက်ဖွားကြီးထွားနှုန်း မြန်ပြီး ဒေသတွင်းရှိ စပါး၊ ပြောင်းနဲ့ ရှိသမျှ ကောက်ပဲသီးနှံတွေ ဝင်ရောက် ကိုက်ဖျက်စားသုံးပစ်တာကြောင့် တောင်ပေါ်တိုင်းရင်းသားတွေ စားစရာမကျန်တော့ဘဲ အငတ်ဘေးနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။
မနှစ်က ဝါးပင်ကအသီးတွေ သီးလာတယ်၊ ကြွက်တွေဟာအဲဒီဝါးသီးစားပြီးရင် အကောင်တွေ ကြီးလာသလို သားပေါက်နှုန်းမြန်တာကြောင့် ကြွက်အကောင်ရေတွေ အဆမတန် များပြားလာပြီး လယ်ယာစိုက်ခင်း ကောက်ပဲသီးနှံတွေ ဖျက်ဆီးပစ်တာလို့ တောင်ပေါ်တိုင်းရင်းသားတွေ ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာဝန် ဒေါက်တာနန်းမားလားဝမ်းက DVB ကို ပြောပါတယ်။
“အရင်တုန်းက တနှစ်ကို ဆန်စပါး အိတ်ပေါင်း ၁၀၀ လောက်ထွက်နေကျက ဒီနှစ်မှာ တအိတ် တောင်မရဘူး၊ အိမ်တိုင်းလို အဲလိုဖြစ်နေကြတယ်။ ကြွက်က ပြောင်းဖူးခင်းတွေလည်း တခင်းလုံး ပြောင်အောင်စားသွားကြတယ်။ ခါတိုင်း သူတို့ကျမဆီ ဆေးလာကုရင် မုန်ညင်းတွေ၊ ပိန်းဥတွေ၊ သခွါးသီးတွေလက်ဆောင်ယူလာတယ်။ ဒီနှစ်တော့ ဆရာမကို လက်ဆောင်ပေးစရာ ဘာမှ မရှိတော့ဘူး လို့ပြောတယ်။ ရွာမှာဆန်မရှိတော့ ရှိတဲ့ပိုက်ဆံလေးနဲ့ မြို့ပေါ်တက်ပြီး ဆန် လာဝယ်ရတယ်။ ကျိုင်းတုံမှာ ၂၀၁၄ ခုနှစ်ထဲ ရေကြီးရေလျှံဖြစ်ထားတော့ စပါးခင်းတွေ ပျက်စီးပြီး ဆန်လည်းဈေးကြီးတယ်လေ။ အဲဒါ ဆန်ကွဲတွေရှာဝယ်စားတယ်၊ ဆန်ကွဲတောင်မှ ၁ ပုံးကို သုံးသောင်းခွဲဈေးရှိတယ်။ ရှိသမျှပိုက်ဆံ ဆန်ချည်းဝယ်နေရတော့ နေမကောင်းတဲ့ခါ ဆေးကုဖို့တောင် မရှိတော့ဘူး၊ တကယ်သနားစရာကောင်းပါတယ်။”
ကြွက်သတ်ဆေးတွေချထားပေမဲ့ အကုန်မနှိမ်နင်းနိုင်ကြောင်းနဲ့ အစိုးရဌာနဆိုင်ရာတွေကို တိုင်တန်းအကူအညီတောင်းဖို့အကြံပြုပေမဲ့လည်း ပြီးခဲ့တဲ့ ရေကြီးပြီး တောင်ပြိုခဲ့စဉ်က ဘာမှအကူ အညီမရခဲ့လို့ ရွာသားတွေက မတိုင်တန်းတော့ကြောင်း ဆိုပါတယ်။
ကြွက်ကျတဲ့ဒဏ် ခံရတဲ့ရွာတွေကတော့ ပင်းတောက်၊ ကတ်ထိုက်၊ မိုင်းခွန်၊ မိုင်းပတ်၊ မိုင်းပန်၊ ပန်ကြူ၊ မိုင်းအင်း၊ မိုင်းလပ်၊ လွိုင်မွေ၊ တာပင်း၊ ဝမ်တာပုံစတဲ့ ကျေးရွာအုပ်စုတွေဖြစ်တယ်၊ တအုပ်စုကို ပျှမ်းမျှ ရွာပေါင်း ၈ ရွာလောက်ရှိပြီး လွိုင်မွေအုပ်စုထဲမှာတော့ ရွာပေါင်း ၂၀ နီးပါးရှိတယ်၊ ကျိုင်းတုံပတ်လည်ရှိ တောင်ပေါ်ဒေသရဲ့ ၇၀ ရာခိုင်နှုန်း ကြွက်ကျတဲ့ဒဏ်ခံရတယ်၊ မိုင်းပျဉ်းမြို့နယ်ဘက်မှာလည်း ကြွက်ကျတယ်လို့ သတင်းကြားတယ်လို့ ဒေါက်တာနန်းမားလားဝမ်းက ပြောပါတယ်။
အဆိုပါတောင်ပေါ်ဒေသမှာ အခါ၊ လားဟူ၊ ကော်၊ ပလောင်၊ ဝ ၊ လွိုင်လ၊ အဲန် စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြပြီး မြို့ပေါ်က ပြည်သူတွေလည်း အခက်အခဲကိုယ်စီ ရှိနေတော့ သူတို့ကို အကုန်မကူညီနိုင်ကြဘူး၊ လူဦးရေထောင်နဲ့ချီ အငတ်ဘေးနဲ့ ကြုံနေရတာမို့ နိုင်ငံ တော်က တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကူညီထောက်ပံ့ပေးစေလို တယ်လို့ ဒေါက်တာနန်းမားလားဝမ်းက ပြောပါတယ်။
သူ့အနေနဲ့တော့ နီးစပ်ရာအလှူရှင်တွေနဲ့ တနိုင်တပိုင်သွားရောက်ကူညီနေပြီး ဖုံးနံပါတ် ၀၉ ၄၂၈၂ ၁၁၃၇၆ ဒါမှမဟုတ် Nang Mar Lar Wan ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဆက်သွယ် ကူညီနိုင်တယ်လို့ ဆိုပါတယ်။