Home
မြန်မာသတင်း
ဗန်းမော်ခရိုင်ထဲက တောင်ယာများကို ကြွက်များ ဖျက်ဆီး
DVB
·
August 20, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကြွက်တွေ ဖျက်ဆီးတာကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

မိုးမောက်မြို့နယ်၊ စိန်လုံတောင်တန်းနဲ့ တဖက်ကမ်း ဝထန်တောင်ကြောတွေမှာရှိတဲ့ တောင်ယာတွေမှာ ကြွက်တွေအများအပြား ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် အခုနှစ် စိုက်ပျိုးထားတဲ့ တောင်ယာစပါးတွေနဲ့ ကောက်ပဲသီးနှံတွေ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ယာမှာ စိုက်ပျိုးထားတဲ့ စပါးပင်အပါအဝင် ပြောင်းနဲ့ ဟင်းသီးဟင်းရွက်ပင်တွေ အများစု ဖျက်ဆီးခံရပြီး ပြန်လည်စိုက်ပျိုးထားတဲ့ သီးနှံပင်တွေကို ကြွက်တွေက ထပ်မံဖျက်ဆီးတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ စိန်လုံကျေးရွာက တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးက ပြောပါတယ်။

“ပေါင်းတွေရှင်းထားပြီ ဆိုရင်လည်း အပင်ရင်းကနေ ပြန်ကိုက်ဖြတ်ပေးလိုက်ပြီ။ အရင်စိုက်ပြီး အပင်ထွက်လာကတည်းကနေ တခါစားပေးလိုက်တယ်။ အခုက နည်းနည်းပဲ ကျန်တော့တယ်။ အခုက ဒီတနေရာ အကွက်အကြီးကြီး ကိုက်ဖြတ် ဟိုနေရာ အကွက်အကြီးကြီး ကိုက်ဖြတ်နဲ့ ဆိုတော့ စပါးတွေလည်း အများကြီး မပေါက်နိုင်တော့ဘူး။ စပါးပင်ဆိုလည်း အပင်အရင်းကနေ ကိုက်ဖြတ်ပေးလိုက်တယ်ဆိုတော့၊ စားဖို့လည်း မကျန်တော့ဘူး၊ ရိတ်သိမ်းလို့လည်း ပြန်မရတော့ဘူး။”

ကြွက်တွေ တောင်ယာစပါးတွေကို ဖျက်ဆီးတာကြောင့် အခုနှစ်ရာသီမှာ စပါးရိတ်သိမ်းရရှိဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ စိန်လုံကဘာကျေးရွာမှ အမျိုးသမီးတယောက်က ပြောပါတယ်။

“တောင်ယာတခုလုံး အရင်းကနေကို ဖျက်ဆီးခံရတာ၊ ဟို တောင်ယာအောက်ကနေ တောင်ယာထိပ်အထိ အရင်းကနေကို စားပေးလိုက်တာ။ အခု ပြန်ပြီး ထွက်လာတာကလည်း ဟိုနား ဒီနား တပင် နှစ်ပင် နည်းနည်းပေါက်လာတာပဲ ရှိတယ်။ သီးနိုင်မလားတော့ မသိဘူး။ ဒီနှစ်စိုက်တဲ့ စပါးမျိုးတွေက မျှော်လင့်လို့မရတဲ့ အခြေအနေတွေပဲ။”

စပါးပင်တွေကို ဖျက်ဆီးနေတဲ့ ကြွက်တွေကို နှိမ်နင်းဖို့အတွက် ဆေးချတာ၊ ရှေးရိုးယုံကြည်မှုတွေနဲ့ မောင်းထုတ်တာ၊ ညအချိန် လိုက်လံဖမ်းဆီး နှိမ်နင်းတာတွေ ပြုလုပ်ပေမဲ့ ထိရောက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ကားလမ်းတွေ ပိတ်ထားဆဲဖြစ်လို့ အခြေခံ ဆန်စပါးတွေကိုလည်း တရုတ်ငွေနဲ့သာ ဝယ်ယူစားသောက်ရမယ့် အခြေအနေ ဖြစ်တာကြောင့် လာမယ့်အချိန်တွေမှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ စိန်လုံကဘာရွာမှ အမျိုးသမီးက ပြောပါတယ်။

“အခု ဒီနှစ်က ကြွက်တွေစားပေးလိုက်တော့ ပိုပြီး ခက်လာမယ်ထင်တယ်။ ဝယ်ယူစားသောက်ဖို့လည်း တိုက်ပွဲတွေလည်း မပြီးသေးတော့၊ ကျမတယောက်တည်း မဟုတ်ဘူး။ တခြား ဒီစိန်လုံတကြောကသူတွေကော၊ ဆန်တွေလည်း တခြားဘယ်မှာမှ သွားဝယ်စားလို့မရ၊ လွယ်ဂျယ်ဘက်ကနေ ဝယ်စားမယ်ဆိုရင်လည်း တရုတ်ငွေ ၁၈၀ ဆို မြန်မာငွေက ၂ သိန်းနား ရောက်နေပြီဆိုတော့ ပိုပြီး ခက်ခဲလာဖို့ပဲရှိတယ်။”

စိန်လုံတောင်တန်းပေါ်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေဟာ ၂၀၁၁ ခု ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နဲ့ လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲငြိမ်သက်လာတဲ့ ၂၀၁၅ ခု နောက်ပိုင်းမှာ ပြန်လည်နေထိုင်ခဲ့ကြတာပါ။

လွယ်ဂျယ်-မိုးမောက် လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ ခုမှာ ကချင်လွတ်မြောက်ရေးတပ်မတော်က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ချိန်မှာတော့ ပြန်လည်ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားတဲ့အတွက် နေရပ်ပြန်ပြီး နေထိုင်နေတဲ့အချိန် အခုလို သဘာဝဘေးနဲ့ ပြန်လည်ကြုံတွေ့ရတာ ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013