Home
မြန်မာသတင်း
မိုးမောက်နှင့် ဗန်းမော်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြင်းထန်
DVB
·
July 30, 2024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ ပတ်ဝန်းကျင်တွေမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ ထိုးစစ်ကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ အပြင်းအထန် ခုခံနေတယ်လို့ ရှေ့တန်းတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

မိုးမောက် ခမရ ၄၃၇ ပတ်ဝန်းကျင်နဲ့ ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်အနီးက တာမိုင်းလုံ ပတ်ဝန်းကျင်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“လေယာဉ်ကတော့ နေ့တိုင်းလာပစ်တာရှိတယ်၊ ဂျက်တိုက်လေယာဉ်နဲ့ သုံးလေးခေါက်လာတယ်၊ နေ့တိုင်းလာတယ်၊ ဗုံးကြဲလိုက် စက်သေနတ်နဲ့ပစ်လိုက်ပဲ။ မနေ့က ညနေ ၄ နာရီနောက်ပိုင်းတော့ ၄၃၇ ပတ်ဝန်းကျင်ကို Y-12 လေယာဉ်ကနေ လေထီးနဲ့ ပစ္စည်းလာချပေးတာတွေရှိတယ်။ တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ ပြောရမယ်၊ ၄၃၇ ကော၊ သာစည်၊ တာမိုင်းလုံဘက်ကော” လို့ ရှေ့တန်းတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

တိုက်ပွဲစတင်တဲ့ ဇူလိုင် ၂၄ ရက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတယ်လို့ သိရပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်စခန်းကိုလည်း KIA က စစ်မျက်နှာ ၃ ခုကနေ ဝင်ရောက်ထားနိုင်ပြီလို့ သိရပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်ထန်းနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ရှေ့တန်းတပ် ဖွဲ့တွေကို ကူညီပေးနေတဲ့ တဦး ပြောပါတယ်။

ဗန်းမော်မြို့စွန် ပတ်ဝန်းကျင်ဖြစ်တဲ့ သုံးမိုင်၊ နမ်ဖား၊ နောင်ခို ပတ်ဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ အပါအဝင် ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် တိုက်ပွဲနဲ့နီးစပ်တဲ့ ဒေသက ပြည်သူတွေရဲ့ အခြေအနေကို မသိရသေးသလို ပြည်သူတွေလည်း သတင်းအချက်အလက်ရရှိမှု ခက်ခဲနေတယ်လို့ ကုန်းလော ကျေးရွာက ဒေသခံ တဦးက ပြောပါတယ်။

“ဖုန်းလိုင်းတွေ ပျောက်နေတော့ ဗန်းမော်လည်း ဘယ်လို ဖြစ်နေပြီးဆိုတာ မသိရသေးဘူး။ အဆက်အသွယ်လည်း မရ၊ လူကိုယ်တိုင်လည်း မသွားရ ဘာသတင်းမှမသိရဘူး။ ဗန်းမော်မှာ ရှိနေတဲ့သူတွေကို ဗန်းမော်ကနေ ထွက်လာဖို့ ပြောဖို့လည်း မရ အတော်အခက်အခဲတော့ ဖြစ်တယ်။ နောက် ဒီ သတင်းတွေလည်း မရတော့ဘူး၊ အရင်ကဆို ဖုန်းကနေ သတင်းတွေ ကြည့်နေတာ ဆိုတော့။” 

နှစ်ဖက်တိုက်ပွဲတွေကြောင့် တာပိန်မြစ်ဘေးက ဟဲလုံ၊ ရွှေစည်၊ သာစည်၊ မိုးဖိန်း၊ တာမိုင်းလုံ ကျေးရွာက ပြည်သူတွေလည်း ဗန်းမော် မြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်တက္ကသိုလ်မှာ အင်အားအများအပြားနဲ့ စခန်းချ ခုခံနေပြီး လွန်ခဲ့တဲ့ရက်တွေက ဗန်းမော်နဲ့ မံစီကြားက မံရွတ်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ သိန်လင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA သိမ်းပိုက်ရ ရှိထားပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013