ကမ္ဘာတဝန်းမှာ ဆိုက်ဘာပြတ်တောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပြီး လေကြောင်းလိုင်းတွေ၊ မီဒီယာတွေ၊ ဘဏ်တွေအပေါ် သက်ရောက်မှု ရှိနေပါတယ်။
အမေရိကန် အဓိကလေကြောင်းလိုင်း အများအပြားဟာ ဆက်သွယ်ရေးအခက်အခဲကို အကြောင်းပြပြီး ပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့သလို ကမ္ဘာ့နိုင်ငံတွေမှာရှိတဲ့ တခြားလေကြောင်းလိုင်းတွေ၊ မီဒီယာကုမ္ပဏီတွေ၊ ဘဏ်တွေနဲ့ တယ်လီကွန်းကုမ္ပဏီတွေ ကလည်း system ပိုင်းဆိုင်ရာ ပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ကြုံနေရတယ်လို့ ထုတ်ပြန်ပါတယ်။
တချို့မီဒီယာတွေက cyber outage လို့ဖော်ပြပြီး တချို့က IT outage လို့ သုံးပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ cloud ဝန်ဆောင်မှု ပြတ်တောက်ခဲ့မှုကို အရင်ဆုံး ကြုံခဲ့ရတာဖြစ်ပြီး မိုက်ခရိုဆော့ဖ်ဘက်က ဖြေရှင်းလိုက်နိုင်ပြီလို့ ကြေညာခဲ့အပြီး တနာရီတောင်မကြာဘဲ အမေရိကန်အဲလိုင်း၊ ဒယ်လ်တာအဲလိုင်း၊ ယူနိုက်တက်အဲလိုင်း စတဲ့ လေကြောင်းလိုင်းတွေက ပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒီကိစ္စဟာ အစောပိုင်းက မိုက်ခရိုဆော့ဖ် cloud ဝန်ဆောင်မှု ပြတ်တောက်တာနဲ့ ဆက်စပ်မှုရှိ၊ မရှိကို ချက်ချင်းတော့ မသိရသေးပါဘူး။
ဩစတြေးလျမှာ မီဒီယာတွေ၊ ဘဏ်တွေ၊ ဆက်သွယ်ရေးကုမ္ပဏီတွေမှာလည်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike နဲ့ ပတ်သက်တဲ့ ပြဿနာလို့ ယူဆရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
Crowdstrike ဘက်ကတော့ ကြိုတင်အသံသွင်းထားတဲ့ ဖုန်းမက်ဆေ့ဂျ်ကိုပဲ မီဒီယာတွေဆီ ထုတ်ပြန်ထားပြီး သူ့ရဲ့ Falcon sensor ကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ ဝင်းဒိုးစ်စနစ် ပြဿနာတက်နေတဲ့ ကိစ္စတွေကို သတိပြုမိတယ်လို့ ဖော်ပြထားပါတယ်။
အခုပြတ်တောက်မှုဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ သက်ရောက်နေပုံရပြီး စပိန်မှာလည်း ကွန်ပျူတာ မတော်တဆမှုကြောင့် လေဆိပ်တွေမှာ ပြဿနာတက်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဥရောပရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ Ryanair ကလည်း ကွန်ရက်တခုလုံး သက်ရောက်တဲ့ ပြဿနာရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုဖြစ်နေတဲ့ ပြဿနာတွေဟာ Crowdstrike နဲ့ ပတ်သက်နေသလား တခြားပြဿနာတွေ ရှိနေသေးလားဆိုတာ လတ်တလော မသိရသေးပါဘူး။ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ သတင်းဖြစ်တဲ့အတွက် အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။
Source-Reuters