Home
မြန်မာသတင်း
စလင်းတွင် နေ့စဉ်လိုလို စစ်တပ်က ပေါ်တာဆွဲနေပြီး လေကြောင်းကလည်း တိုက်ခိုက်နေ
DVB
·
July 27, 2024
-စလင်းပကဖအဖွဲ့မှ အဓိကလမ်းပိုင်းများကို ရှောင်တခင်စစ်ဆေးနေစဉ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဇွန်လ ပထမပတ်ကစပြီး နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကောင်စီတပ်က ပေါ်တာဆွဲနေလို့ ဒေသခံတွေသွားလာရေး ခက်ခဲနေပြီး လေကြောင်းကနေလည်း တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ကတုတ်ကျင်းတွေတူးထားကြဖို့ စလင်းအခြေစိုက် မင်းဘူးခရိုင်တပ်ရင်း ၁ နဲ့ တပ်ရင်း ၅ တို့က သတိပေးထားပါတယ်။

စလင်းမြို့နယ်၊ တညောင်နယ်မြေရဲစခန်းနဲ့ ဆင်ဖြူကျွန်းမြို့ငယ်ကြားက အဝေးပြေး လမ်းမကြီး တလျှောက် ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကလွဲပြီး ကျန်တဲ့​ နယ်မြေတွေမှာ ရွာတိုင်းလိုလို ပေါ်တာဆွဲခံထားရတာတွေ ရှိနေပြီး ​လူဦးရေ ရာဂဏန်းရှိနေပြီဖြစ်ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းက မြို့ပေါ်ကို စျေးဝယ်သွားရင်း ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တယောက်နဲ့ နီးစပ်သူတွေက  “ကျနော်တို့ရွာကကောင်တော့ ဆိုင်ကယ်နှစ်ယောက်စီးလို့ ဆိုပြီး ဖမ်းသွားတာ။ ပြန်မလွှတ်ဘဲ စစ်မှုထမ်းရမယ်လုပ်ပါလေရောဗျာ။ ခုက ဘယ်မှကို မထွက်ရဲဘူး။ ပြောက်ကျားသဘောကို ပေါ်ပေါ်လာပြီး ဆွဲတော့တာ” လို့  DVB ကို ပြောပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူတွေကိုပါ ပေါ်တာဆွဲသွားပြီး ပွဲစားကနေတဆင့် ငွေကြေးအများကြီးနဲ့ ပြန်ရွေးခိုင်းပြီး ငွေဝင်ပေါက်ဖန်တီးထားကြတယ်လို့လည်းသိရပါတယ်။

ပြီးတော့ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ကတုတ်ကျင်းတွေတူးထားကြဖို့ စလင်းအခြေစိုက် မင်းဘူးခရိုင်တပ်ရင်း ၁ နဲ့ တပ်ရင်း ၅ တို့က ဇူလိုင် ၂၅ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပကစ ၂၂ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက်ပိုင်း စလင်းနယ်ထဲကရွာတွေပါကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်လာနေတာကြောင့်မို့လို့ ပြည်သူတွေကို ကြိုတင်ပြင်ဆင်စေချင်တဲ့အနေနဲ့ အခုလို သတိပေးချက် ထုတ်ပြန်ပေးလိုက်ရတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့မှာ ဆိပ်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဇူလိုင် ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံပြည်သူတချို့ သေဆုံးဒဏ်ရာရတာတွေတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်တပ်ရင်း ၅ ရဲ့ တာဝန်ခံတယောက်က “လေယာဉ်နဲ့ ၂၃ ရက်နေ့က လာကြဲတာဗျ။ ခေါင်းကူးနဲ့ ကျွန်းတဲရွာတွေဘက်လည်း အကြဲခံရတယ်။ အဲဒီရွာတွေဘက်မှာ ဖုန်းလိုင်းမမိတော့ ဘာသတင်းမှမရသေးဘူး။ ငါးလှိုင်တွင်းနဲ့ ကူရွင်းကျောက်ရွာတွေကတော့ ဗုံးထိလို့ တချို့အိမ်တွေပျက်စီးကုန်တယ်။ ပြည်သူ ၄ ယောက်သေပြီး ၉ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့တော့ ကနဦးသိထားရတယ်။ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ သတင်းအတိအကျမရသေးဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ကလည်း တညှောင့်တင်ကျေးရွာ၊ ကံကုန်းကျေးရွာ၊ ဝန်ရကျေးရွာ၊ ဆွဲလည်ကျေးရွာ နဲ့ ငါးလှိုင်တွင်းကျေးရွာအနီးက ရေနံမှော်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရေနံမှော်က ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

စလင်းမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေး အရှိန်မြင့်လာတဲ့အတွက် ပြည်သူတွေအားလုံး စစ်ရေးအမြင်ရှိကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013