Home
မြန်မာသတင်း
ဗန်းမော်တွင် လူငယ်များကို လိုက်လံဖမ်းဆီးနေ
DVB
·
August 2, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တွေက လူငယ်တွေကို   လိုက်လံရှာဖွေ ဖမ်းဆီးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင်လလယ်လောက်က ဗန်းမော်လေယာဉ်ကွင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ဗန်းမော် (၃)မိုင်နဲ့ မြို့ပြင် ပတ်ဝန်းကျင်တွေမှာ လူငယ်တွေကို စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်မြို့မှာ စစ်ရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“လျှော့တိုက်ဒုံးကျတော့ ရဲကော၊ ထွေအုပ်ကလူ တွေကောပေါင်းပြီး (၃) မိုင်ဘက်တွေ၊ ဗန်းမော်ဦးပိန်ဘက်တွေမှာ လိုက်ရှာတာတွေတယ်။ တနင်္လာနေ့ (ဇူလိုင်၂၉)နေ့ဆို ကျနော်တွေ့တာပဲ ၄ ယောက် ခေါ်ဖမ်းခေါ်သွားတာရှိတယ်။ အရင်အပတ်တွေကလည်း ၇ ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။”

ဗန်းမော်မြို့မှာတော့ ဖုန်းအော်ပရေတာ အားလုံးကို ဖြတ်တောက်ထားဆဲဖြစ်ပြီး ဗန်းမော်မြို့ပေါ်က အခြေအနေတွေ သိရှိရဖို့လည်း အဆက်အခဲဖြစ်နေပါတယ်။

ဗန်းမော်မြို့အပြင် ဗန်းမော်တက္ကသိုလ်ပတ်ဝန်းကျင်နဲ့ မိုးမောက်မြို့ ခမရ (၄၃၇) ပတ်ဝန်းကျင်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲဖြစ်ပြီး ဗန်းမော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေရှိတယ်လို့ ဗန်းမော်မြို့မှာ ထွက်ပြေးတိမ်းရှောင်နေသူတဦးက ပြောပါတယ်။

“လေယာဉ်ကွင်းနားကတပ်တွေကို လက်နက်ကြီးနဲ့ ပစ်ခံရတာ အကြိမ်ကြိမ်ပဲ၊ လေယာဉ်ကွင်းကိုလည်းကျတယ်၊ ကြားရသလောက်က စစ်တပ်က မိုးမောက်ဘက်တိုက်ပွဲတွေ မဖြစ်ကတည်းက လေယာဉ်နဲ့ စစ်အင်အားတွေ သယ်ယူတာတွေကြောင့်လည်းဖြစ်မှာပါ၊ လေယာဉ်ကွင်းဘက်ကော၊ ဟိုနမ်ဖားဘက်ကော၊ စစ်တပ်နဲ့နီးတဲ့ နောင်ခိုဘက်တွေမှာကော လက်နက်ကြီးတွေကျတာ ရှိတယ်။”

ဗန်းမော်မြို့ နမ့်ဖားမှာရှိတဲ့ ဗန်းမော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ မိုးမောက်ခမရ (၄၃၇) တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က ဇူလိုင် ၂၅ ရက်က  ပြန်လည်တိုက်ခိုက်ပြီးနောက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024