ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ၃၂ လမ်းထိပ် အထက ၁ ကျောင်းရှေ့လမ်းပေါ်မှာ ဒီနေ့ ဇူလိုင် ၃၀ ရက် နေ့လယ်က စက်ဘီးစီးလာတဲ့ လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း နယ်ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းပေါ်မှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်က အသက် ၂၀ အရွယ်ရှိ လူငယ်တဦး စက်ဘီးစီးလာရာက ဓာတ်တိုင်နားအရောက် ပြုတ်ကျသေဆုံးခဲ့တာလို့ ပဲခူးလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဓာတ်တိုင်နားက ရေထဲမှာ စက်ဘီးကမှောက်လျက်နဲ့ ပက်လက်ကြီးလဲနေတာပါ။ မြို့ထဲ ရေစပြီးကြီးကတည်းက မီးတွေဖြတ်ထားတာ။ မြေအောက်ဓာတ်ကြိုးတွေရှိနေတော့ လျှပ်စစ်စီးနေတာလား သေချာတော့မသိဘူး။”
ဓာတ်လိုက်သေဆုံးခဲ့တဲ့ လူငယ်ကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ဝါးလုံးနဲ့ထိုးပြီး အလောင်းကို ယူဆောင်ခဲ့ရကြောင်းနဲ့ သေဆုံးသူအမည်နဲ့ နေရပ်လိပ်စာကို မသိရှိရသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပဲခူးမြစ်ရေမှာ လက်ရှိ ဆက်လက်မြင့်တက်နေပြီး ကျောက်ကြီးစု၊ ဇိုင်းမြောက်၊ ဇိုင်းတောင်၊ ကလျာနီ၊ မဇင်း စတဲ့ နေရာတွေမှာ ရေမြင့်တက်နေမှုကြောင့် သဲအိတ်တွေနဲ့ ကာရံထားရပြီး ပဲခူး-ရန်ကုန်၊ ရန်ကုန်-မန္တလေး ကားလမ်းမှာလည်း သွားလာလို့မရသေးကြောင်း သိရပါတယ်။