ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နဲ့ ကျိုင်းတုံမြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
တာချီလိတ်မှာဆိုရင် ဩဂုတ် ၁၃ ရက် ညကတည်းက ရေတွေ တရိပ်ရိပ်တက်လာကြောင်း၊ ဒီကနေ့ ဩဂုတ် ၁၄ ရက်မှာတော့ မယ်ဆိုင်ချောင်းတလျှောက်နဲ့ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေကြီးနေတာလို့ တာချီလိတ် ဦးလှမိုး လူမှုကူညီရေးအသင်း တာဝန်ရှိသူက DVB ကို ပြောပါတယ်။
“ရေကြီးတာကတော့ ခါတိုင်းကြီးနေကျ ရပ်ကွက်တွေပါပဲ။ မယ်ခေါင်၊ ပုန်းထွန်၊ ဆန်ဆိုင်း၊ တာလော့၊ မကာဟိုခမ်း အဲဒီနေရာတွေပေါ့၊ တောင်ကျချောင်းရေတွေကြောင့်လည်း ပါတယ်၊ မိုးရေလည်း ပါတယ်၊ မယ်ဆိုင်ချောင်းရေတက်တာလည်း ပါတယ်။”
မယ်ခေါင်ရပ်ကွက်မှာ အဆိုးရွားဆုံးဖြစ်ပြီး ရေက ခါးလယ်ထိ ရောက်ကြောင်း၊ ချက်ပြုတ်စားသောက်ရတာ အခက်အခဲရှိသူတွေ၊ ရေထဲပိတ်မိနေသူတွေအတွက် ထမင်းထုပ် လိုက်ဝေရာမှာ ၁၀၀၀ ထုပ် ပြင်ဆင်ထားတယ်၊ မွန်းလွဲ ၂ နာရီခွဲထိ ထမင်းထုပ်တွေ ဝေနေရတုန်းပဲ၊ ရေကတော့ နည်းနည်းစီပြန်ကျနေပြီလို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။
တာချီလိတ်မှာ ဒီဩဂုတ်လ ၃-၄ ရက်တုန်းကလည်း ရေကြီးမှုဖြစ်ခဲ့တာကြောင့် ဒီတခေါက်ပါဆို ၂ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။
ကျိုင်းတုံမြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် နမ့်ခင်ချောင်းရေတာရိုးပေါက်ပြီး ရပ်ရွာတွေထဲ ရေတွေဝင်လာတယ်လို့ ကျိုင်းတုံဒေသခံတဦးက ပြောပါတယ်။
“တောင်ကျချောင်းရေတွေကြောင့် မနေ့မွန်းလွဲ ၁ နာရီကျော်က နမ့်ခင်ချောင်းတာ ဘောင်ကျိုးပြီး ရွာထဲ ရေဝင်လာတယ်။ ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅ ထဲမှာရှိတဲ့ ကန်နားလုံ၊ ကန်နားပူလွယ်၊ ကန်နားပူမုန့်၊ ကန်နားနမ့်ခင်နွဲ့၊ ယန်းလော၊ တာလျက်၊ ဟိုခို၊ ဝမ်နား အဲဒီရွာတွေပေါ့။ တချို့နေရာမှာ ခြေသလုံးထိ တချို့က ဒူးခေါင်းထိ၊ နောက်ပြီး မိုင်းယန်း သွားတဲ့ ကားလမ်းပေါ်မှာလည်း ရေလျှံတယ်၊ အဆိုးဆုံးက နမ့်ခင်ချောင်းဘေးက ကန်နားလုံရွာ မနေ့ညက ရင်ခေါင်းဝထိ ရောက်တယ်၊ တညလုံး ပစ္စည်းတွေ အမြင့်ကို ရွှေ့ပြောင်းနေရတယ်။ ”
ဒီကနေ့ ဩဂုတ် ၁၄ မှာတော့ ရေတွေပြန်ကျသွားပြီး သန့်ရှင်းရေးလုပ်နေတယ်လို့ ဒေသခံက ပြောသွားပါတယ်။
ရှမ်းပြည်တောင်ပိုင်း လင်းခေးမှာလည်း ဒီကနေ့မနက်မှာ နမ့်တိန်းချောင်းရေလျှံကျပြီး ဈေးတန်းရပ်ကွက်ရှိ ချောင်းကူးသံတံတားနဲ့ မြို့မအရှေ့ရပ်ကွက် ကမ်းနားလမ်းတလျှောက်မှာ ရေကြီးနေကာ၊ လူနေအိမ်ခြေ ရပ်ကွက်တွေထဲတော့ မဝင်သေးဘူးလို့ လင်းခေးဒေသခံက ပြောပါတယ်။