ဆန်ရည်ညွှန်းဈေး သတ်မှတ်နှုန်းထားအပြင် ရေကြီးနစ်မြုပ်မှုတွေကြောင့် အရှုံးသံသရာ ပြန်လည်စတင်လာပြီလို့ လယ်သမားတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။
စပါးဈေးကို အဆုံးဖြတ်ပေးတဲ့ ပြည်ပပို့ဆန်ရည်ညွှန်းဈေးက ဩဂုတ်လအတွက် ထုတ်ပြန်ရာမှာတော့ အရင်လကထက် ကျပ် ၁,၀၀၀ ကျဆင်းသတ်မှတ်ထားပါတယ်။
ဒါ့အပြင် စပါးပင်သက်တမ်း အနည်းဆုံးတလခွဲနဲ့ အနှံ့ဖြစ်ထွန်းလာတော့မယ့် မှို့ကပ်ချိန်အနီးမှာ လတ်တလော ရေကြီးနစ်မြုပ်မှုတွေကြောင့် ၂၀၂၄ မိုးစပါးရာသီဟာ အဆုံးအရှုံးတွေနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့်နှစ် ဖြစ်တယ်လို့ တောင်သူတွေက သုံးသပ်ပြောဆိုလိုက်ကြပါတယ်။
ဓနုဖြူမြို့နယ်မှ လယ်ဆယ်ဧက စိုက်ပျိုးသူလယ်သမားတဦးက “လယ်သမားက နောက်ပြန်ဆုတ်သွားမှာပေါ့။ ရည်ညွှန်းဈေးဆိုတာက ဆန်ဈေးပေါ့။ ဆန်ဈေးကန့်သတ်ရင် စပါးဈေးကကျပြီ။ စပါးဈေးကျတဲ့နောက်တော့ စပါးဈေးကျတာက တမျိုး၊ ဒီမိုးလေဝသဖျက်တာက တမျိုး ဆိုတော့ လယ်သမားတွေက နှစ်ခုထိသွားပြီ။ လယ်သမားတွေ နှစ်ခုထိသွားပြီ ဆိုကတည်းကိုက နောက်ပြန်ဆုတ်သွားပြီ။ လယ်သမားက ဒုံရင်းက ဒုံရင်းပဲ။ ရှေ့တက်မယ်လို့တော့ အရှိန်ယူတုန်းပဲ ရှိသေးတယ်။ လယ်သမားက ဖင်ထိုင်ကျသွားတာဖြစ်သွားပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နွေစပါးရာသီကစလို့ ဒေါ်လာဈေး အဆမတန်မြင့်တက်လာသလို စပါးဈေးနဲ့ ပဲဈေးတွေ အသင့်တင့် ကောင်းမွန်လာတာက လယ်သမားတွေအတွက် အသက်ရှူချောင်ခဲ့တဲ့နှစ်တွေ ဖြစ်ခဲ့ပါတယ်။
ဆန်ရည်ညွှန်းဈေးတွေကို အဲ့ဒီကာလကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပေမဲ့ စပါးဈေးအပေါ် သက်ရောက်မှုမရှိခဲ့ဘဲ ပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ခဲ့တဲ့ ဆန်ရည်ညွန်းဈေးကြောင့် မိုးကြိုစပါးတွေ ထွက်ရှိခဲ့တဲ့ ပဲခူးအနောက်ခြမ်းဒေသကစပါး ဈေးတွေ ပြန်လည်ကျဆင်းခဲ့ပါတယ်။
လတ်တလောမှာ ဆန်ရည်ညွှန်းဈေးထုတ်ပြန်ထားသလို လယ်သမားတွေ မဖြစ်မနေ ဝယ်ယူသုံးစွဲနေရတဲ့ ဓာတ်မြေဩဇာကို ရည်ညွှန်းဈေးထုတ်ပြန်ထားပေမဲ့လည်း အဲ့ဒီဈေးနဲ့ဝယ်လို့မရတာ၊ စက်သုံးဆီဈေးနဲ့ လယ်ယာလုပ်သားခတွေ ဈေးမြင့်တက်နေတဲ့အတွက် ရေကြီးလို့ စပါးပျက်စီးဆုံးရှုံးတာ မရှိရင်တောင်မှ စပါးဈေးက ရှုံးနေပြီးသားဖြစ်တယ်လို့ လယ်ဧက ၂၀ စိုက်ပျိုးသူလယ်သမားတဦးက ပြောပါတယ်။
“ရှုံးတာက မိုးကြောင့်မဟုတ်ပါဘူး။ ဒီမိုးမြုပ်သွားလို့လည်းမဆိုင်ဘူး။ ခုဏပြောသလို ဆန်ဈေးကို ရည်ညွှန်းဈေးသတ်မှတ်လိုက်တာမှာ ရှုံးမှာ။ အဲ့မှာကတည်းက စရှုံးမှာ။ ဘာကြောင့်လဲဆိုတော့ ရေနံဆီကလည်း ပုံမှန် ၃ ဆတက်ထားပြီးပြီ။ မြေဩဇာကလည်း ပုံမှန် ၃ဆ တက်ထားပြီးပြီ။ အဲ့ထဲမှာမှ စပါးဈေး ၃ ဆတက်လာတယ်။ ၂ သိန်းနီးပါးလောက်တက်သွားတယ်ဆိုတော့။ အဲ့ဒါကို သူက တခါ ပြန်ပြီးတော့ လျှော့ချတယ်ဆိုတော့ အဲ့မှာကတည်းက စရှုံးတာပဲ။ မြေဩဇာ တအိတ်ပက်ရင် တအိတ်ရှုံးမယ်။ ၂ အိတ်ပက်ရင် ၂ အိတ်ရှုံးမယ်။ စပါးထွက်လာလည်း သူက စပါးက ဈေးမှမရှိတာကိုး။ အဲ့အတွက် သူကတော့ အဲ့ဒါကတော့ ရှုံးကိုရှုံးမှာ။”
လတ်တလောစပါးခင်းတွေ ရေကြီးနစ်မြုပ်မှုကြောင့် ရေနဲ့အတူပါလာတဲ့ ရွှံ့နွံရေညှိရေ မှော်တွေကြောင့် ဧရာဝတီတိုင်းဒေသကြီးရဲ့ စပါးအထွက်က သုံးပုံနှစ်ပုံလောက် လျော့နည်းသွားနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားကြပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုက ပြီးခဲ့တဲ့ ၂၀၁၁ မိုးစပါးရာသီမှာလည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီတုန်းက ကန်ထရိုက်လယ်ယာလုပ်ကိုင်ခဲ့တဲ့ လယ်သမားတွေ မြန်မာကျပ်ငွေ တစ်ဘီလီယံအထိ အကြွေးတင်ခဲ့တာဖြစ်ပါတယ်။
လတ်တလော တောင်သူအခေါ် တောရေလို့ခေါ်ကြတဲ့ မိုးရေက ၂၀၁၁ ခုနှစ်က ရွာသွန်းခဲ့တဲ့ မိုးရေထက် ပိုများနေပြီး အဲ့ဒီတုန်းကတင်ခဲ့တဲ့ အကြွေးတွေက လက်ရှိ ၂၀၂၄ မိုးစပါးရာသီအထိ ဖဲ့ဆပ်နေကြတာ မကြေနိုင်သေးဘူးလို့ ကန်ထရိုက်လယ်ယာလုပ်ကိုင်သူ လယ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။
“ထူးခြားတာက ဘာထူးခြားလဲဆိုတော့ မိုးများတဲ့သဘောပေါ့။ နဂိုကတော့ မိုးကပုံမှန်ပေါ့လေ။ မေလ ၁၅ ဆို မုတ်သုံပုံမှန်ဝင်ပြီးတော့ သူ့ရွာရမယ့် လအလိုက်ကို ပုံမှန်ပေါ့လေ။ ရွာသွားတယ်။ ခုကျတော့ ဒီမိုးဦးမှာမရွာဘဲနဲ့ ဒီ ၇ လပိုင်းလဝက်လောက်ကနေ မိုးရေချိန်လက်မက များတဲ့ သဘောပေါ့နော်။ ပြောမယ်ဆိုရင်တော့ တလတည်း ဟိုလတွေမှာ မရွာဘဲနဲ့ ဒီလကျမှ စုရွာတဲ့သဘော တွေ့ရတယ်။ အဲ့ဒါကြောင့် မိုးရေကြောင့် နဂိုနှစ်တွေ ပြီးခဲ့တဲ့နှစ် တွေကလည်း သိပါတယ်။ ၂၀၁၁ တုန်းက မြုပ်တဲ့ရေထက်တောင် ခုရေကများသေးတယ်။ ၂၀၁၁ တုန်းကလည်း တော်တော်များများပျက်စီးပြီးတော့ ခုထိတောင် ကြွေးတွေ ကျန်သေးတဲ့အနေထားလေ။”
အကြွေးကြောင့် ဝန်ပိနေတဲ့လယ်သမားတွေမှာ အကြွေးမကြေခင် နောက်ထပ် အကြွေးပေါ် အကြွေးဆင့်လာတဲ့ အခြေနေကို ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီက မိုးစပါးပန်းတိုင်အထွက်နှုန်းကို တဧက တင်း ၁၀၀ ထွက်ရှိဖို့ ဖိအားပေး ဆောင်ရွက်နေပေမဲ့ မိုးကြီးလို့ စပါးပျက်တဲ့အပြင် တဝက်တပျက် ဈေးကွက်ထိန်းချုပ်မှုတွေက စပါးစိုက်ဧက ၁၇ သန်းကို စိုက်ဧကတွေ ဆက်လက်လျော့ကျလာစေမှာဖြစ်ပြီး မြန်မာ့လယ်ယာလုပ်ငန်းတခုလုံးက အဆိုးဘက်ကို ရောက်ရှိလာနေတာလို့ ကျွမ်းကျင်ပညာရှင်တွေကလည်း သုံးသပ်ထားပါတယ်။