
ထိုင်းနိုင်ငံတောင်ပိုင်းက ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေအပါအဝင် ရေဘေးသင့်ပြည် သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၂၈ ဒီကနေ့ ရက်စွဲနဲ့ ခွန်အားပေးသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာတော့ NUG အစိုးရအနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်တွေမှာ အခု ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ၃၃ ယောက် ထက် မနည်းသော အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတာ၊ နေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရတာ၊ စိုက်ပျိုးရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ ကျယ်ပြန့်စွာ ထိခိုက်ခဲ့ရတာတွေအတွက် ထိုင်းတော်ဝင်အစိုးရ၊ ထိုင်းပြည်သူ တရပ်လုံးနဲ့ ထပ်တူ နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြလိုက်တာပါ။
ဒါ့အပြင် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ရာစုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော သမိုင်းဝင် အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး ဘုံနယ်နိမိတ်မျဉ်းကို ထိတွေ့လျက်ရှိကာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အပြန်အလှန် အမှီသဟဲပြုနေကြသလို ထိုင်းနိုင်ငံဟာ ရှေးယခင် ကာလတွေကတည်းက မြန်မာပြည်သူလူထုရဲ့ အခက်အခဲတွေကို နားလည်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခဲ့တဲ့ မိတ်ဆွေကောင်းနိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နယ်စပ်တလျှောက် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား နေရပ်စွန့်ခွာရသူတွေကို လူသားချင်းစာ နာမှုဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ထိုင်းအစိုးရရဲ့ ပံ့ပိုးကူညီမှုတွေကို NUG အစိုးရအနေနဲ့ လေးနက်စွာကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ထိုင်း တောင်ပိုင်းက ရေဘေးသင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအတွက် ကနဦး ခြေလှမ်းအနေနဲ့ ဟတ်ယိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသက ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လို အပ်တဲ့ ဆန်၊ ဆီ၊ သောက်သုံးရေ၊ အသင့်စား အစားအစာတွေ၊ အခြေခံဆေးဝါးတွေ အပါအဝင် အ ထောက်အပံ့ပစ္စည်းတွေကို စီမံပြီး သက်ဆိုင်ရာဒေသက မြန်မာအသိုက်အဝန်းက ခေါင်း ဆောင်တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီးတော့ ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထောက်ပံ့ကူညီမှုဟာ ပထမအဆင့်သာ ဖြစ်ကြောင်းနဲ့ ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာပြီးတော့ ရေကျသွားပြီးနောက်ပိုင်းမှာ လည်း ရေဘေးသင့်အလုပ်သမားတွေရဲ့ အလုပ်အကိုင်၊ နေထိုင်ရာတွေ ပြန်လည်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိစေရေးအတွက် ဒုတိယအဆင့်နဲ့ နောက်ဆက်တွဲ အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့မှာ အနှစ် ၃၀၀ အတွင်း မိုးရေချိန် အမြင့်ဆုံး စံချိန်တင်ရွာသွန်းခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။
ထိုင်းတောင်ပိုင်းက ခရိုင် ၉ ခုလုံးမှာ ရေဘေးသင့်သူပေါင်း ၂ သန်းခွဲကျော် ရှိပြီး သေဆုံးသူ ၂၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ ထိုင်းအစိုးရက နိုဝင်ဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားအရ သိရပါတယ်။
ဆုန်ခလာခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း သောင်းနဲ့ချီ ဝင်ရောက်လုပ်ကိုင်နေကာ ရေဘေးသင့်သူတွေလည်း ထောင်နဲ့ချီရှိပြီး သေဆုံးတဲ့ မြန်မာလုပ်သား မတွေ့သေးဘူးလို့ အလုပ်သမားကူညီရေး အဖွဲ့တွေက ပြောပါတယ်။


