
မြန်မာစစ်အုပ်စုရဲ့ တရားမဝင်အုပ်ချုပ်မှုနဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ဥရောပ ပါလီမန်က ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို နိုဝင်ဘာ ၂၇ ရက်မှာ အတည်ပြုချ မှတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်အရ စစ်ကောင်စီက ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ လာမယ့် ၂၀၂၆ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို လုံးဝ လက်မခံဘဲ ပယ်ချလိုက်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ကိုသာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် ထပ်လောင်း အတည်ပြုလိုက်ကာ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုတွေ ပြုလုပ်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း NUG အစိုးရအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းပြီး အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေဖို့ လိုအပ်ကြောင်း အလေးပေးဖော်ပြထားပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ဦးစားပေးတဲ့ တညီတညွတ်တည်း တုံ့ပြန်မှုတခု တည်ဆောက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဥရောပပါလီမန် သတင်းထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကတည်းက စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသလို အကြောက်တရားနဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ လက်ရှိအခြေအနေအောက်မှာ ကျင်းပတဲ့ ဘယ်လိုရွေးကောက်ပွဲမျိုးမဆို လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့လည်း အလေးပေးဖော်ပြပါတယ်။
ဒါ့အပြင် ဆုံးဖြတ်ချက်ထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို အထူးစိုးရိမ်ကြောင်း ဖော်ပြထားပြီး အဓမ္မ စစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားလက်လွတ်သတ်ဖြတ်မှု၊ အဓမ္မပျောက်ဆုံးစေမှု၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာတွေကိုလည်း ပြင်းထန်စွာ ရှုတ်ချထားပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ပျက်စီးခဲ့ပြီး အရပ်သား အနည်းဆုံး ၇,၃၀၀ သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိရေးကိုလည်း အလေးပေး တောင်းဆိုထားပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်ပြီး ထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
အာဏာသိမ်းမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်ပွဲစားတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး တိုးချဲ့သွားဖို့လည်း ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူလူထုနဲ့တကွ NUG အစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် တရားဝင် ဒီမိုကရေစီ ကိုယ်စားလှယ် တွေနဲ့အတူ ဥရောပ ပါလီမန်က ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဖိနှိပ်မှုကို တွန်းလှန်နေကြသူ အားလုံးရဲ့ သတ္တိကို ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


