Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲ လွတ်လပ်မှုနှင့် အများယုံကြည်မှုမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော 
DVB
·
November 27, 2025
Photo: FCTT

အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလထဲမှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲက လွတ်လပ်မှုနဲ့ အများယုံကြည်လက်ခံမှု ရှိမှာမဟုတ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကေးက နိုဝင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

“ကျနော်တို့က လွတ်လပ်ပြီး ယုံကြည်စိတ်ချရစေချင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာမှာ မဟုတ်ဘူးဆိုတာလည်း ကျနော်တို့သိပါတယ်။ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုနိုင်တဲ့ အနေအထား ကျနော်တို့မှာ ရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်။”

ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ခုလိုပြောလိုက်တာဖြစ်ပြီး မစ္စတာ ဆီဟာဆတ်က   မြန်မာရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးအတွက် အစပျိုးမှုတခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာပါ။

သူက ၂၀၁၀ ပြည့်နှစ်က "မပြည့်စုံတဲ့" ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ် ကြီးဟောင်း ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်တကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဖြစ်စဉ်ကို ဥပမာပေးခဲ့ပါတယ်။

ဝန်ကြီး ဆီဟာဆတ်က “တခါတလေမှာ မပြည့်စုံတဲ့ ရွေးကောက်ပွဲတခုကလည်း တိုင်းပြည်ကို တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ဒါအပြင် ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအရ ချက်ချင်း လွှတ်ပေးသင့်ပြီလို့ မြန်မာအာဏာပိုင်တွေကို မစ္စတာ ဆီဟာဆတ်က တိုက်တွန်းထားပါတယ်။ 

“သူ့ကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။ သူဟာ ထိန်းသိမ်းခံထားရတာ အရမ်းကြာနေပါပြီ။ သူ့ရဲ့ အသက်အရွယ်အရ ကျန်းမာရေးအခြေအနေကို ကျနော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် သူတို့အနေနဲ့ ဒါကို ပထမဆုံးအဖြစ် ဒါမှမဟုတ် ချက်ချင်းလုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။” 

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို ပြန်လည်သင့် မြတ်ရေးအတွက်လို့ ကြွေးကြော်နေပေမဲ့ တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

စစ်အုပ်စုကတော့ အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက် ကစပြီး လုပ်သွားဖို့ ကြေညာထားပြီး အဆိုပါရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန် ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013