
စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၅ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာလည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်လို့ အဆိုပါကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက်သမားအဖြစ် ကြေညာခံရသူတွေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦးစတဲ့ ၂၅ ယောက်ပါဝင်ပါတယ်။
အလားတူ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဓိက တရားခံတွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သီးခြား ကြေညာခဲ့ပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံပြည်သူ့ အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးပြီး အာဏာကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ အကြမ်းဖက်သမားစာရင်းမှာ စစ်ခေါင်းဆောင်နဲ့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တီခွန်မြတ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာ သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဥပဒေအရ အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးရှိလာချိန်မှာ အခုလို စစ်အုပ်စုခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေအဖြစ် NUG အစိုးရက ကြေညာလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပချိန် နီးလာချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။


