
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၁၄ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ ရက်မှာကြေညာပါတယ်။
NUG အစိုးရ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက်အရ ခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ လက်ရှိအချိန်အထိ အကြမ်းဖက် အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က တာဝန်ပေးဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ လည်း အကြမ်းဖက် အဖွဲ့အစည်းဖြစ်တာကြောင့် အဆိုပါကောင်စီအဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက်သမားတွေ စာရင်းထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တီခွန်မြတ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာ သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်နေတာပါ။
NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်သမားတွေကို ဥပဒေအရအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို တော်လှန်ရေးအင် အားစုတွေနဲ့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးရှိလာချိန်မှာ အခုလို စစ်အုပ်စုခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေအဖြစ် NUG အစိုးရက ကြေညာလိုက်တာဖြစ်ပြီး လက်တွေ့ ဘယ်လို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။


