
စစ်ကောင်စီက ကရင်ပြည်နယ်က KK Park ငွေလိမ်စင်တာကို အယောင်ပြနှိမ်နင်းပြပြီး တခြားနေရာတွေမှာ ပြန်လည် လည်ပတ်နေတယ်လို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်တဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က ပြောကြားလိုက်တာပါ။
နိုင်ငံတကာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားလာတာကြောင့် စစ်ကောင်စီဟာ KK park လို ငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်း သက်သေခံ ဖျောက်ဖျက်ပြပြီး တခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ပြီး ပြန်လည် လည်ပတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီရဲ့ အကာအကွယ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုပ်ဆောင်နေတဲ့အတွက် ဒီကိစ္စမှာ အဓိက တာဝန်ရှိသူဟာ စစ်ကောင်စီသာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းနေတာကို NUG အနေနဲ့ ကျေးဇူးတင်ရှိပြီး NUG ရဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖွဲ့ရေး လုပ်ငန်းအဖွဲ့အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG က ဆိုပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို ပြစ်တင်ထားပါတယ်။


