Home
မြန်မာသတင်း
ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့သည့်အပေါ် မစိုးရိမ်ဟု DKBA ဗိုလ်ချုပ်စောဆန်းအောင် ပြော
DVB
·
November 14, 2025

အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တာနဲ့ ပတ်သက်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် ကတော့ နိုင်ငံရပ်ခြားမှာ ဘာပိုင်ဆိုင်မှုမှ မရှိတဲ့အပြင် ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းတဲ့အပေါ်  စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းနိုင်ငံသားတယောက်ကို ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်းနဲ့ ဆက်နွှယ် ပတ်သက်တယ်ဆိုပြီး ဒဏ်ခတ်အရေးယူလိုက်တယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ အမေရိကန်က ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စင်တာတွေ တည်ထောင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းတို့ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ် စောဆန်းအောင်က “သူတို့ ဒဏ်ခတ်ပိတ်ဆို့တာ ပိတ်ပစေပေါ့။ ပိတ်သင့်ပိတ်ထိုက်လို့ ပိတ်တယ်။ ကျနော်တို့လည်း နိုင်ငံရပ်ခြား ဘာမှ ပိုင်ဆိုင်မှုမရှိဘူး။ သူတို့ ဘာကြောင့်ပိတ်လဲ မသိဘူး။ ပိတ်တဲ့လူလည်း တချို့က မပတ်သက်တဲ့သူလည်းပိတ်၊ ပတ်သက်သူလည်းပိတ် အနေအထားကို တွေ့ရတယ်” လို့ DVB ကို ပြောပါတယ်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ သောင်းရင်းမြစ်ကမ်း တလျှောက်က ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝမ်ခ စတဲ့မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေပါတယ်။

အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေအတွက် DKBA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးအစောင့်အရှောက် ပေးထားပြီး ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးတာ၊ လူကုန်ကူးခံထားရသူတွေအပေါ် အကြမ်းဖက် နှိပ်စက်တာတွေကို DKBA က ကျူးလွန်နေတယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ် စောဆန်းအောင်က “ကျနော်တို့ ထူးထူးထွေထွေ မရှိပါဘူး။ နယ်စပ် သောင်ရင်းတလျှောက်မှာ သူများလုပ်တာ ကိုင်တာ ရှိတယ်။ ကျနော် အောက်ခြေက တပ်မှူးတွေ လုပ်တာကိုင်တာကို ပြန်ပို့ပေးတဲ့နေရာမှာ ကျနော် အင်တာဗျူးပေးတယ်။ ကျနော်ပြောပေးတယ်။ စောင့်ရှောက်ပေးတာ။ ကျနော် ထမင်းကျွေးတာပဲရှိတယ်။ အခုလည်း သူ့နိုင်ငံသား သူလာပြန်လာခေါ်လိုက် လာကြိုလိုက်။ ကျနော်တို့လည်း ဒီမှာ ကြာလေ ဝန်ထုပ်ဝန်ပိုးဖြစ်လေပဲ။ တကယ်တမ်းကျတော့ ကျနော်တို့ဖမ်းထားတာလည်း တယောက်မှမရှိဘူး။ ဖိတ်ခေါ်တာလည်း တယောက်မှမရှိဘူး။ သူတို့နည်းနဲ့ သူတို့လာပြီး သွားတာပဲရှိတယ်။ ကျနော်မြင်တွေ့ရတာ။ တကယ့်တကယ်ကျတော့ တာဝန်ယူ တာဝန်ခံနိုင်ရင် လာခေါ်သွားလိုက်။ ကျနော်တို့လည်း အပြောအဆိုတောင် သက်သာတယ်။ အခုက ဘာမှမဟုတ်ဘဲ ဟုတ်တဲ့သူကော မဟုတ်တဲ့သူကော အပြောအဆို ခံနေရတယ်” လို့ ပြောပါတယ်။

အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီးယား၊ အာဂျင်တီးနား၊ ထိုင်းနဲ့ မြန်မာ စတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံသားတွေက ဝင်ရောက်လုပ်ကိုင်နေတာပါ။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့ အမေရိကန်တရားရေးဌာနက FBI နဲ့ ပူးပေါင်းပြီး အထူးတပ်ဖွဲ့တခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။

ဗိုလ်ချုပ် စောဆန်းအောင်က “သူတို့နိုင်ငံသူ နိုင်ငံသားကို ထိခိုက်နစ်နာတာကို ဖွဲ့စည်းတာ သူတို့နိုင်ငံသူ နိုင်ငံသား ကာကွယ်တာ ကောင်းပါတယ်။ ကျနော်တို့အတွက် စိုးရိမ်စရာ ထူးထူးထွေထွေမရှိဘူး။ ပြန်ကြည့်မယ်ဆိုရင် သူ့နိုင်ငံသူ နိုင်ငံသားတွေကို အခွန်ယူထားတာ အများကြီးပဲကော အဲဒီနိုင်ငံတွေက။ အခုက သူ့နိုင်ငံသား ထိခိုက်နစ်နာတယ်ဆိုတော့ သူကာကွယ်ရမှာပေါ့။ တဖက်ကလည်း သူတို့နိုင်ငံကြီးတွေရဲ့ လှည့်ကွက်နဲ့ နိုင်ငံကြီးတွေရဲ့ ကစားကွက်လေ။ သူတို့က နိုင်ငံရေးသမားတွေ စီးပွားရေးအကြီးစားတွေပဲ ကျနော်တို့ နားလည်သလောက် ကြားသိရသလောက်က။ အခု ဒီမှာ‌ရောက်ရှိတဲ့သူတွေက ကျနော်တို့ ဖမ်းတာလည်းမရှိဘူး၊ ဖိတ်ခေါ်တာလည်း မရှိဘူး။ ကျနော်တို့ ပတ်စပို့နဲ့ ထုတ်ပေးပြီး ကျနော်တို့ဆီ လာတာလည်း မရှိဘူး။ သူတို့နိုင်ငံကနေ သူတို့ပတ်စပို့နဲ့လာပြီးတော့ ကျနော်တို့တိုင်းပြည်ကို ရောက်လာတာ။ သူတို့ကို ဟိုနိုင်ငံက မောင်းထုတ်လိုက်၊ ဒီနိုင်ငံက မောင်းထုတ်လိုက်နဲ့ ပုံစံအမျိုးမျိုးနဲ့ ရောက်လာတာ။ တကယ်လို့ မလာစေချင်ဘူးဆိုရင် လေယာဉ်ကွင်းမှာ စောင့်လိုက်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကို ရောက်ရှိလာပြီး ကျားဖြန့်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ အကျဉ်းကျခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ် ထူထောင်သူ အဓိကခေါင်းဆောင် ကျားဖြန့်‌ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၂ ရက်က တရုတ်အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013