
ကျားဖြန့်ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းအခြေစိုက် Trans Asia နဲ့ Troth Star ကုမ္ပဏီပိုင် ထိုင်းနိုင်ငံသားတယောက်ကိုပါ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (cyber scam) လုပ်နေတဲ့ စင်တာတွေကို အထောက်အပံ့ပေးနေလို့ အခုလို အရေးယူလိုက်တာလို့ ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းလို့ လူသိများတဲ့ အွန်လိုင်းလိမ်လည်မှု စင်တာတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နားက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park တို့လို နေရာတွေအပြင် တိုင်ချန် (Tai Chang) နဲ့ Huanya ခြံဝင်း နေရာတွေမှာ အခြေစိုက်ပြီး တချို့နေရာတွေကို DKBA က လုံခြုံရေးပေးထားတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစင်တာတွေမှာ အလုပ်လုပ်ရတဲ့သူတွေဟာ များသောအားဖြင့် လူကုန်ကူးခံရသူတွေဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေခံခဲ့ရတာမျိုးရှိတယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
Tai Chang ခြံဝင်းကို DKBA က ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် Trans Asia ကုမ္ပဏီဒါရိုက်တာဖြစ်သူ Yu Jianjun လို့လူသိများတဲ့ ထိုင်းနိုင်ငံသား Chamu Sawang တို့က တည်ထောင်ခဲ့ပြီး နောက်ကွယ်မှာလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အရေးယူဒဏ်ခတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီက ရရှိတဲ့ အကျိုးမြတ်တွေကို မြန်မာပြည်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို လောင်စာဆီအဖြစ် ကူညီပေးနေတယ်လို့ အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး၏ ဘဏ္ဍာရေးဌာန လက်ထောက်အတွင်းရေးမှူး ဂျွန်ကေဟာလေက ပြောကြားထားပါတယ်။
တဆက်တည်းမှာပဲ DKBA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စစ်ဦးစီးချုပ် စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်းနဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်တို့ကိုလည်း အွန်လိုင်းလိမ်လည်မှုက ရရှိတဲ့ ငွေတွေကို တိုက်ရိုက်အကျိုးအမြတ်ဖြစ်ရယူထားတာကြောင့် အရေးယူဒဏ်ခတ်မှု စာရင်းထဲမှာ ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် တရားရေးဌာနက FBI တို့နဲ့ ပူးပေါင်းပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့ "Scam Center Strike Force" ဆိုတဲ့ အထူးတပ်ဖွဲ့တခုလည်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။


